ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

ဒီပဲယင်းတွင် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာမှ နေအိမ်တစ်ထောင်ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၀ ခုမှ လူနေအိမ် ၁ ထောင်ကျော် တစ်ပတ်အတွင်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှသိရသည်။

စစ်အင်အား ၁၅၀ ကျော်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရေဦးမြို့မှ ဒီပဲယင်းမြို့သို့ ဦးတည် ထွက်ခွာလာခဲ့ပြီး ၂၄ ရက်နေ့မှစတင်ကာ ၂၉ ရက်နေ့အထိ ရွာစဥ် မီးပတ်ရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“ဒီရွာတွေက ရွာကြီးတွေဟုတ်တယ် သုံးထပ်တိုက်၊ တစ်ထပ်တိုက်၊ ပျဥ်ကာအိမ် အိုးအိမ် အပြည့်ပေါ့ အခုတော့ အကုန်ဖြိုချမီးရှို့ခံရတယ်။ နေ့ချင်းညချင်း အိုးမဲ့အိမ်မဲ့ဘဝရောက်သွားရတာ ဘယ်လောက်ခံစားနေရလဲဆိုတာကိုတော့ ပြောပြစရာစကားလုံးရှာမတွေ့ဘူး”ဟုဒေသခံတစ်ဦး က ဆိုသည်။

ညောင်လှရွာ ၃၆၇ လုံး၊ လက်ယက်ကုန်းရွာ ၃၉ လုံး၊ အုန်းတပင်ရွာ ၂၂၀ လုံး၊ ဒိုင်နတ်ရွာ၁၂၂လုံး၊ မရကန်ရွာ ၇၀ လုံး၊ သရက်တော ၉၆ လုံး၊ မူးခတွင်း ၆ လုံး၊ ယဉ်ကျေး ၁၃၉ လုံး၊ မစိုးရိမ် (အရှေ့) ၂ လုံး နှင့် မူးရိုးကုန်းကျေးရွာမှ ၁၅ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။

နေအိမ် မီးရှို့ခံရမှုတွင် ဒေသခံများ၏ စပါးကျီ များပါ မီးရှို့ခံခဲ့ရတာကြောင့် စားနပ်ရိက္ခာများအရေးပေါ် လိုအပ်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“လက်ရှိမိုးကာလေးတွေနဲ့ တဲထိုးနေကြရတယ်။ တစ်ချို့လည်းဘုန်းကြီးကျောင်းမှာ နေကြရတယ်။ တစ်ချို့ဆို နွားလှည်းအောက်မှာ နေနေကြရတယ်။ အဓိကတော့ စားနပ်ရိက္ခာခက်ခဲတာပေါ့ သူတို့မှာအိမ်မှာစုဆောင်းထားတဲ့ ဆန်စပါးကအစ အရှို့ခံခဲ့ရတာဆိုတော့ ဘာမှစားစရာမရှိဘူးပေါ့။ ကျနော်တို့ထောက်ပံ့တာကိုပဲ မျှော်ကိုးနေကြတာပေါ့။ သူတို့ကိုယ်ပိုင် မရပ်တည်နိုင်ခင်မှာ ကူညီထောက်ပံ့မှုတွေက လိုအပ်နေမှာဖြစ်တာကြောင့် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြပါလို့ တိုက်တွန်းပါတယ်”ဟုပြောသည်။

အဆိုပါ စစ်ကြောင်းက ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း ဒီပဲယင်းမြို့နယ်က ကျေးရွာ ၃၇ ရွာနှင့် စိုင်ပြင်မြို့ ရပ်ကွက် ကနေအိမ် ၃၅၀၀ ကျော်ကို မီးရှို့ခဲ့သည့် မော်လိုက်အခြေစိုက် ခမရ–၃၆၄ နှင့် ခမရ–၇၀၁ ပူးပေါင်းတပ် တို့ဖြစ်ပြီး လက်ရှိမှာတွင်  ရွှေဘိုမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံတွေကဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းတစ်ခုလုံးတွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမူကြောင့် နေအိမ် ၃၅၀၀၀ ကျော် မီးလောင်ပျက်စီးသွားပြီး ဒီပဲယင်းမြို့နယ်တစ်ခုတည်းက နေအိမ် ၄၅၀၀ ကျော်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများပြောသည်။

ယခုလို စစ်ကိုင်း ဒီပဲယင်းတွင် နေအိမ်မီးရှို့ဖျက်ဆီးခံရမှုသည်  မြန်မာနိင်ငံတစ်နိုင်ငံလုံးအတွင်း အများဆုံးပမာဏဖြစ်သည်ဟု စစ်ရှောင်ကူညီနေသူအဖွဲ့များ၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ နှင့် ဒီပဲယင်းစစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့တို့၏ ဖေ့ဘုတ်ပေ့ချ်များမှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်သည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...