ကြိုးတံတားရွာချောင်း၌ မိုင်းနင်းမိ၍ ရေပိုက်ပြင်သည့်အဖိုးအိုတစ်ဦး ခြေထောက်ပြတ်

ကြိုးတံတားရွာချောင်း၌ မိုင်းနင်းမိ၍ ရေပိုက်ပြင်သည့်အဖိုးအိုတစ်ဦး ခြေထောက်ပြတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ(၃၀)ရက်နေ့က စစ်ကောင်စီတပ်များ တပ်စွဲ ထားသည့် ကြိုးတံတားကျေးရွာချောင်းအနီး၌ ရေပိုက်ပြင်သည့် အဖိုးအိုတစ်ဦး မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားကြောင်း ဒေသတွင်း လှုမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်များနှင့် နယ်မြေခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)တပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ကြိုးတံတားကျေးရွာထဲတွင် စစ်ကောင်စီတပ်များက ဝင်ရောက်တပ်စွဲ ထားခြင်းဖြစ်ပြီး ကျေးရွာချောင်းအနီး၌ ရေပိုက်လိုက်လံပြုပြင်ပေးနေသည့် အသက် (၇၀) အရွယ် အဖိုးအိုတစ်ဦးသည် မိုင်းနင်းမိ၍ ခြေမျက်စိအထိ ပြတ်သွားသည်ဟု ဒေသအတွင်း လူမှုကယ် ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“အဲ့ဒါဖြစ်စဉ်တော့မသိဘူး။ ကျနော်တို့က ဆေးရုံကနေခေါ်ပြီးတော့ တစ်ခြားဆေးရုံကိုလွှဲတာလောက်ပဲ သိတယ်။ ကြိုးတံတားမှာတော့ စကစတွေတပ်စွဲထားတယ်။ သူက အဲ့မှာရေသွင်းရေထုတ်လုပ်တာ ရေပိုက်ပေါက်လို့သွားပြင်ရင်းနဲ့ နင်းမိတာ။ နင်းမိတာ ခြေထောက်က ခြေမျက်စိထိပြတ်သွားတယ်။ သူတို့(စကစ)ပဲ ထောင်တာဖြစ်မယ်လေ။ ကြိုးတံတားရွာမှာက (PDF)နဲ့စကစတွေနဲ့  ခဏခဏ တိုက်ပွဲဖြစ်တယ်။ ဖြစ်တာက (၁၀)နာရီဝန်းကျင်လောက်ဖြစ်တာ။ အဖိုးက အသက်(၇၀) ဝန်းကျင်လောက် ရှိမယ်”ဟု ပြောသည်။

အဆိုပါ မိုင်းနင်းမှု ဖြစ်စဥ်အပြင် ကြိုးတံတားကျေးရွာထဲတွင် စစ်ကောင်စီတပ်များက ဝင်ရောက် တပ်စွဲထားလျက်ရှိ နေသောကြောင့် တောင်ယာခြံလုပ်ကိုင်သည့် ရွာသားများအနေဖြင့် ခြံထဲသို့ အလုပ် သွားရောက် မလုပ်ကိုင်ရဲကြကြောင်းလည်း ဒေသခံ ရွာသားများက ပြောသည်။

ဒေသခံရွာသားတစ်ဦးက“ရွာထဲတော့ပေးဝင်တယ်။ ခြံသွားတဲ့ဘက်ခြမ်းတွေ မိုင်းထောင်ထားတယ်။ ခြံသမားတွေလည်း အလုပ် မလုပ်ရဘူး။ ဘယ်သူမှမသွားရဲကြဘူး။ အဲ့ဒီဘက်မှာ ရွာသားတွေကိုလည်း မိုင်းထောင်ထားတယ်လို့ သူတို့ပြောထားတယ်။”ဟု  ကေအိုင်စီ သို့ပြောသည်။

အလားတူ ပြီးခဲ့သည့်တစ်ပတ်အတွင်းကလည်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကြိုးတံတား ကျေးရွာတွင် ဆိုင်ကယ်စီးနင်းလာသည့် ဒေသခံတစ်ဦး ဆိုင်ကယ်စီးလာရင်း မိုင်းထိမှန်သောကြောင့် လူထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ စီးနင်းလာသည့် ဆိုင်ကယ်ကြေမွသွားသေးကြောင်းလည်း ဒေသခံများက ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်းမြို့နယ်နှင့် အနီးအနားကျေးရွာများတွင် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ဒေသအတွင်း ပြောက်ကျားတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏ ပစ်ခတ်မှုများဖြစ် ပွားလေ့ရှိပြီး စစ်ကောင်စီတပ်များက ၎င်းနယ်မြေထဲတွင် စစ်ကြောင်းဝင်ရောက်မှုများ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေကြောင်းလည်း ဒေသအတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...