ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ဥက္ကဋ္ဌ ဦးကိုကိုဇော်နှင့် မေးမြန်းခြင်း။

ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ဥက္ကဋ္ဌ ဦးကိုကိုဇော်နှင့် မေးမြန်းခြင်း။

“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက် ထိုက်သင့်တဲ့အကူအညီတွေပေးဖို့လိုအပ်နေပြီလို့ ကျနော်တို့ယူဆတယ်”

မေလ(၃)ရက်နေ့သည် ကမ္ဘာ့နိုင်ငံလုံးအတိုင်းအတာအားဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ သတင်းလွတ်လပ်ခွင့်အတွက် စိန်ခေါ်မှု၊ အန္တရာယ် ရင်ဆိုင်ကြုံတွေ့နေရသော ကာလအတွင်း ဖြတ်သန်းနေကြရသည်။

ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့၏ အထိမ်းအမှတ်အနေဖြင့် မြန်မာ့မီဒီယာလောက၏လက်ရှိ အခြေအနေ၊ ဖမ်းဆီးထိန်းသိမ်းခံ သတင်းသမားများ၏ အရေး နှင့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ၏ ရှေ့ဆက်လုပ်ဆောင်မည့် မျှော်မှန်းချက်များကို သိရှိနိုင်ရန် IPCM ဥက္ကဋ္ဌ ဦးကိုကိုဇော်နှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ဒီနှစ်သတင်းမီဒီယာလွတ်လပ်ခွင့်မှာ ပြီးခဲ့တဲ့နှစ်တွေကနဲ့နှိုင်းယှဥ်ရင် မြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေက ဘယ်လိုအဆင့်အတန်းမျိုးမှာရှိနေတယ်လို့ သုံးသပ်ရပါသလဲ။

ဖြေ။ ဒီနှစ်က RSF(နယ်စည်းမခြားသတင်းထောက်များအဖွဲ့) က ထုတ်တဲ့သတင်းမီဒီယာ လွတ်လပ်ခွင့်မှာ မြန်မာနိုင်ငံက အဆင့် ၁၆၆ ရှိတယ်။ မနှစ်တုန်းက ၁၆၉ ဆိုတော့ (၃)ဆင့်လောက်တော့တက်လာတယ်ပေါ့နော်။ သူတို့ဘက်ကတော့ သတ်မှတ်ချက်အရ အဆင့်တက်လာတယ်ဆိုပေမယ့်လည်း မြန်မာနိုင်ငံမှာဖြစ်နေတဲ့အနေအထားရယ် လက်ရှိနိုင်ငံရေး အခင်းအကျင်းပြောင်းသွားတာရယ်က သက်ရောက်မှုတွေအများကြီးဖြစ်လာတယ်။ အဲဒီအပေါ်မှာ သတင်းမီဒီယာနဲ့ပတ်သက်ရင်တော့ စစ်အစိုးရ တစ်ဖြစ်လဲ မင်းအောင်လှိုင်က သတင်းမီဒီယာနဲ့ပတ်သက်ရင်ဖြေလျှော့မယ်ဆိုတာ အရိပ်အယောင်တောင် မမြင်ရဘူး။ ဒါကတစ်ချက်၊ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့လွတ်လပ်သောမီဒီယာတွေအနေနဲ့ မြန်မာနိုင်ငံပြင်ပမှာပဲ အခြေစိုက်ပြီးတော့ ပြည်တွင်းကနေသတင်းမှန်တွေထုတ်လုပ်နိုင်ဖို့က စိန်ခေါ်မှုတွေပိုများလာတယ်။ အဓိကကတော့ ဒီဂျစ်တယ်နဲ့ပတ်သက်လာရင် စစ်အုပ်စုက လူထုကိုသတင်းမှန်တွေသိလို့မရအောင် ဖြတ်တောက်ပိတ်ဆို့တာတွေလုပ်နေတဲ့အတွက် သတင်းရယူခွင့်နဲ့သတင်းသိပိုင်ခွင့်မှာတော့ ခြိမ်းခြောက်မှုတွေအများကြီးရှိနေတုန်းပါပဲ။

မေး။ လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာသမားတွေအနေနဲ့ မြေပြင်မှာသတင်းရယူပိုင်ခွင့်နဲ့ပတ်သက်ပြီး အဓိက ရင်ဆိုင်နေရတဲ့ အဟန့်အတား၊ အန္တရာယ်တွေက ဘာတွေဖြစ်မလဲ။

ဖြေ။ မြန်မာ့မီဒီယာလောကအနေအထားက နှစ်ပိုင်းကွဲနေတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်တွင်းထဲမှာ လက်ရှိအခြေစိုက်ပြီးလုပ်ကိုင်နေတဲ့ မီဒီယာတွေအကုန်လုံးက စစ်အစိုးရရဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်ပတ်သက်နေတဲ့အဖွဲ့အစည်းတွေက လူပုဂ္ဂိုလ်တွေ တည်ထောင် ထားတဲ့သတင်းဌာနတွေပဲ ဖြစ်တယ်။ အဲဒီဟာတွေကလွဲပြီး လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့သတင်းသမားတွေက ပြည်တွင်းထဲမှာနေတယ်ဆိုပေမယ့် ပေါ်ပေါ်ထင်ထင် နေလို့ရဲတဲ့အနေအထားမရှိဘူး။ ပေါ်ပေါ်ထင်ထင်နေလို့မရတဲ့အခါကျ‌တော့ အရမ်းကိုဒုက္ခတွေ စိန်ခေါ် မှုတွေအများကြီး ရင်ဆိုင်ခဲ့ရပြီးတော့မှ သတင်းထုတ်နေရတယ်။ အဲဒီလိုနေရင်းနဲ့ လည်းအမြဲတမ်း သတိနဲ့နေရတယ်။ အမြဲတမ်းကိုယ့်ကိုယ်ကို Alert လုပ်ထားရတယ်ပေါ့နော်။

တစ်ဖက်မှာကလည်း ရပ်ကွက်ထဲမှာနေတယ်ဆိုပေမယ့် ရပ်ကွက် အုပ်ကြီးတွေနဲ့ဆယ်အိမ်ခေါင်းတွေရဲ့ရန်ကို ရှောင်ရတာကလည်း တော်တော်လေးကို ကြီးမားတယ်။ ကြီးမားတဲ့အတွက် တဖြည်းဖြည်းနဲ့သတင်းသမားတွေက ဘေးကင်းရာကိုရွှေ့ပြောင်းပြီးတော့မှ သတင်းလုပ်ငန်းလုပ်နေရတဲ့အနေအထားဖြစ်လာတယ်။ ဥပမာ ရန်ကုန်ကနေ ပဲခူးဘက်၊ တောင်ငူဘက် ၊ ဧရာဝတီဘက် ပုန်းရှောင်ပြီးတော့ သတင်းသွားယူရတဲ့အနေအထားရှိတယ်။ အဲ့ဒီလိုသွားယူရာမှာလည်း ဆက်သွယ်ရေး၊ ဖုန်းလိုင်းတွေ ဆက်သွယ်ရေးစိန်ခေါ်မှုတော်တော်လေးရှိတယ်။ တချို့ဆို သတင်းလုပ်နေရင်းနဲ့ အဖမ်းခံလိုက်ရတာတို့ ကြုံခဲ့ရတာရှိတယ်။

မေး။ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့သတင်းမီဒီယာသမားအရေအတွက်နဲ့ သူတို့ရဲ့ လက်ရှိအခြေအနေအပေါ် IPCM အနေနဲ့ဘယ်လိုမျိုး အချက်အလက် စုဆောင်းထားတာရှိပါသလဲ။ သူတို့ပြန်လည်လွတ်မြောက်လာဖို့အတွက်ရော ဘယ်လိုမျိုးအားထုတ်ဆောင်ရွက်နေတာရှိလဲ။

ဖြေ။ သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့အခြေအနေကိုပြောရရင် IPCM ကို ၂၀၂၃ ဒီဇင်ဘာမှာစပြီးတည်ထောင်ကတည်းက ဖမ်းဆီးခံ သတင်းသမားကိစ္စနဲ့ပတ်သက်တဲ့အရေးကိစ္စတွေပေါ့နော်။ အထူးသဖြင့် အရေအတွက် အတိအကျ မသိနိုင်တောင် ကြိုးစားပြီးတော့စိစစ်ခဲ့တယ်။ နှစ်စဥ်နှစ်စဥ် ကျနော်တို့ ဖမ်းဆီးခံသတင်းသမားများနဲ့ပတ်သက်တဲ့စာရင်းတွေ ထုတ်ပြန်လေ့ရှိတယ်။

ဒါက မေ(၃)ရက်မှာကျင်းပတဲ့ World Press Freedom Day မှာပဲကျနော်တို့ နှစ်စဥ်ထုတ်ပြန်တာရှိတယ်။ ဒီ ၂၀၂၁ ခုနှစ် ကတည်းကစပြီးတော့ မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့ ထောင်ထဲဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းသမား ၂၀၀ ကျော်ရှိခဲ့တယ်။ တစ်နိုင်ငံလုံးက အကျဥ်းထောင်တွေမှာ ရွှေ့ပြောင်းပြီးတော့ အကျဥ်းကျနေတာရှိတယ်။ ပုသိမ်မှာနေတဲ့သူကို ပူတာအိုပို့လိုက်တာမျိုးပေါ့။

နောက်တစ်ချက်က ၂၀၂၆ ခုနှစ်မှာကျတော့ ၂၀၂၅ တစ်နှစ်လုံးမှာ လွတ်လာတဲ့အရေအတွက်ကို စာရင်းလွတ်လာတဲ့အချိန်မှာ အကျဥ်းထောင်ထဲမှာ ဖမ်းဆီးထောင်ချထားတဲ့သတင်းသမား (၁၈)ဦးကျန်သေးတယ်။ ဒါကိုလည်းကျနော်တို့တရားဝင်ကြေညာမှာပါ။ အဲဒီအထဲမှာ အမျိုးသမီး က(၃)ဦး အမျိုးသားက(၁၅)ဦးဖြစ်တယ်။ ‌ပထမကတော့(၁၉)ဦးပေါ့၊ ပြီးခဲ့တဲ့နှစ်ဆန်းတစ်ရက်နေ့က ရှင်ဒေဝီတစ်ယောက်လွတ်လာတယ်။ ထောင်ဒဏ်တစ်သက်ကနေ အနှစ်နှစ်ဆယ်၊ နှစ်ရှည် ကျခံနေရတဲ့သတင်းသမားက(၁၃)ဦးရှိတယ်။ ဆိုလိုတာ (၁၈)ဦးမှာ (၁၃)ဦးကနှစ်ရှည်ထောင်ဒဏ်ကျနေတယ်။

၂၀၂၁ ကနေ ၂၀၂၆ မေလအထိ သတင်းရယူရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ အဆက်အနွယ်တွေကနေ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာ (၇)ဦးရှိတယ်။ ထောင်ဒဏ်နှစ်ကြီးသမားတွေကတော့ ပုဒ်မတွေအမျိုးမျိုး ဆက်သွယ်ရေးဥပဒေပုဒ်မ၊ ရာဇသတ် ကြီးပုဒ်မ၊ မတရားအသင်း ပုဒ်မ၊ သွင်းကုန်ထုတ်ကုန်၊ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းများ ဥပဒေပုဒ်မ(၅) နောက်ပြီးတော့ ဘေးစီမံလို့ခေါ်တဲ့ ဥပဒေပုဒ်မ(၂၇) ဒါတွေနဲ့သတင်းသမားတွေက ဖမ်းဆီးထိန်း သိမ်းခံရတယ်။ အခုလက်ရှိဖမ်းဆီးထိန်းသိမ်းခံရတဲ့ပုဒ်မတွေဟာ သတင်းသမားတွေနဲ့မသက်ဆိုင်တဲ့ ဥပဒေပုဒ်မတွေနဲ့စွဲဆိုခံရတာ တွေ့ရှိရတယ်။

သတင်းသမားကို သတင်းကိစ္စနဲ့အရေးယူရင် ဟိုးအရင်ကတည်းကပြဌာန်းခဲ့တာက သတင်းမီဒီယာ ကောင်စီကနေ ဒါကိုဆောင်ရွက်ရမယ်ဆိုတဲ့ ဥပဒေပုဒ်မထုတ်ပြန်ခဲ့တာရှိတယ်။ သို့ပေမဲ့ စစ်အုပ်စုက ဒါကိုကိုင်တွယ်ပြီးတော့ လုပ်တာမဟုတ်ဘဲ သူတို့ဘာသာသဘောကျ လုပ်နေတဲ့အတွက် သတင်းသမားတွေက ဒါကိုခံစားခဲ့ရတဲ့အခြေအနေမျိုးတွေ ဖြစ်နေပါတယ်။

မေး။ သတင်းသမားတွေဖမ်းဆီးခြိမ်းခြောက်ခံရတာတွေကြားထဲက သူတို့ရဲ့လုံခြုံရေး ရပိုင်ခွင့်အတွက် IPCM က ဘယ်လိုဆောင်ရွက်ပေးနေတာရှိပါသလဲ။

ဖြေ။ IPCM ရဲ့လုပ်ငန်းစဥ်တွေထဲမှာ သတင်းသမားတွေ ဘေးကင်းလုံခြုံစွာ သတင်းယူရေး ဆိုတာရှိပါတယ်။ ဒီ(၂)နှစ်အတွင်း ၂၀၂၄ အကုန်ကနေ ၂၀၂၆ မေလအထိ အရေးပေါ်ကူညီ ထောက်ပံ့မှုတွေ သတင်းသမားတွေကိုကူညီခဲ့တာ (၃)ကြိမ်ရှိပြီ။ ကျနော်တို့ဆက်လုပ်နေတယ်။ ပထမအနေနဲ့ကတော့ လူသားချင်းစာနာမှုအကူအညီပေါ့ ကူညီခဲ့တာရှိတယ်။ ဒုတိယတစ်ခုက ၂၀၂၅ ခုနှစ်အတွင်းမှာ ပြည်တွင်းမှာသတင်းကိစ္စကြောင့် တိမ်းရှောင်လာတဲ့သတင်းသမားတွေကို Relocation နဲ့ပြောင်းရွှေ့တဲ့ ထောက်ပံ့ကြေးတွေထုတ်ပေးတာရှိတယ်။ နောက်တစ်ခုက တစ်ဖက်နိုင်ငံ၊ နိုင်ငံပြင်ပမှာ သတင်းမီဒီယာလုပ်ငန်းကိုဆက်လက်ပြီးတော့ လုပ်ကိုင်နေတဲ့ သတင်းသမားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ယာယီနေထိုင်ခွင့်ကတ်၊ အလုပ်လုပ်ခွင့်ကတ်ကို ကူညီပြီးတော့ ဆောင်ရွက်ပေးတာတွေရှိပါတယ်။

မနှစ်က ၂၀၂၅ တုန်းကလည်း ကူညီခဲ့တာရှိတယ်။ ဒီနှစ်မှာလည်း ကူညီဖို့စိစစ်နေတဲ့အခြေအနေရှိတယ်။ ဆက်ပြီးတော့လည်း ကူညီဖို့ချိတ်ဆက်ပြီးတော့ ရှာဖွေနေတဲ့အခြေအနေရှိပါတယ်။ ကျနော်တို့ ကူညီဆောင်ရွက်နေတဲ့ကိစ္စတွေအကုန်လုံးက ဘယ်သတင်းသမား၊ သတင်းအဖွဲ့အစည်းဆီကနေ ကောက်ခံပြီးတော့ဆောင်ရွက်တာမဟုတ်ပါဘူး။ IPCM အနေနဲ့ သီးခြားအလှူရှင်တွေနဲ့ချိတ်ဆက်ပြီး ရလာတဲ့ငွေကြေးတွေကို ထောက်ပံ့ခြင်းဖြစ်ပါတယ်။

မေး။ သတင်းအချက်အလက်စီးဆင်းမှု ပိတ်ဆို့ခံရတဲ့အခြေအနေမှာ ပြည်သူတွေဆီ မှန်ကန်တဲ့သတင်းတွေရောက်ရှိဖို့ လွတ်လပ်တဲ့မီဒီယာတွေအနေနဲ့ ဘယ်လိုနည်းလမ်း အသစ်တွေနဲ့ကြိုးပမ်းနေရလဲ။

ဖြေ။ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးကတည်းက သတင်းရယူခွင့် သတင်းထုတ်ပြန်ပိုင်ခွင့် တွေနဲ့ပတ်သက်လာရင် ကျနော်တို့က ၂၀၁၅ နောက်ပိုင်းမှာကတည်းက သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ တော်တော်လေးရရှိလာတဲ့အပေါ်မှာ အကြောင်းခံလာတယ်။ လူငယ်သတင်း သမားတွေအများကြီးပေါ်လာတယ်၊ လူငယ်သတင်းသမားတွေက နည်းပညာကိုကျွမ်းကျင်တဲ့ လူငယ်တွေဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း စစ်အာဏာသိမ်းပြီးချိန်မှာ လူငယ်သတင်းသမားတွေက လွတ်လပ်တဲ့သတင်းမီဒီယာတွေ တည်ထောင်လာပြီး မြန်မာနိုင်ငံကပြည်သူတွေ သတင်းအမှန် ရရှိရေးအတွက် သူတို့တတ်နိုင်တဲ့ဘက်ကနေကြိုးစားပြီးတော့ တင်ဆက်ခဲ့တာရှိတယ်။ ဒီ ၅ နှစ်အတွင်း မှာလည်း အဲဒီလိုပဲ၊ သတင်းရယူရေးအတွက် သက်စွန့်ကြိုးပမ်းတဲ့သူတွေရှိသလို ဖမ်းဆီးထောင်ချခံလိုက်ရတဲ့သူတွေလည်း ရှိတယ်။ ထွက်ပြေးတိမ်းရှောင်ရတဲ့သတင်းသမားကတော့ အများစုပေါ့။

မနှစ်တုန်းက Exile Media mapping ပေါ့နော် နိုင်ငံပြင်ပမှာရောက်ရှိနေတဲ့ သတင်းသမားနဲ့ သတင်းလုပ်ငန်းနှင့်ဆက်စပ်ပြီးလုပ်ကိုင်တဲ့ပုဂ္ဂိုလ်ဦးရေပေါင်း (၁,၄၄၆)ဦးရှိတယ်လို့ စာရင်းတွေကောက်ခံရတာရှိတယ်။ ဒါကိုလည်းကျနော်တို့ ၂၀၂၅ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်ခဲ့တာရှိတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဆိုလိုတာက ပြည်တွင်းထဲမှာရှိတဲ့သတင်းသမားအများစုက ပြည်တွင်းမှာရပ်တည်လို့မရလို့ သတင်းရယူရင်းနဲ့နည်းလမ်းပေါင်းစုံ၊ ဥပမာ VPN ဆိုလည်း VPN ဖုန်းဆင်းကတ်ဆိုလည်း ဖုန်းဆင်း ကတ်၊ သတင်းသမားတွေအနေနဲ့ သတင်းသွားယူလို့မရတဲ့အနေအထားမှာ CJ တွေရဲ့အကူအညီ၊ အခန်း ကဏ္ဍကအရမ်းကို မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်မှာ အရမ်းကိုမြင့်မားလာတယ်။ သူတို့တွေရဲ့ ကူညီထောက်ပံ့မှုသာမရခဲ့ဘူးဆိုရင် ကျနော်တို့လွတ်လပ်တဲ့မီဒီယာတွေ ရပ်တည်ဖို့ခက်သွား မယ့်အနေအထားရှိတယ်။

ဘာကြောင့်လဲဆိုရင် တချို့ သတင်းတိုက်ကြီးတွေကတော့ ပြည်တွင်းမှာသတင်း သမားတွေထားနိုင်တာရှိတယ်။ သတင်းတိုက်ငယ်တွေကတော့ ပြည်တွင်းမှာ သတင်းသမားမထားနိုင်တော့ CJ တွေနဲ့ချိတ်ဆက်ပြီး ရတဲ့နည်းတဲ့ဖန်တီးပြီးတော့ ပြည်သူလူထု သတင်းမှန်သိပိုင်ခွင့်အတွက် လုပ်ကိုင်ရတဲ့အနေအထားမှာရှိနေတယ်။

တောက်လျှောက်လည်း စစ်အစိုးရဖိနှိပ်လာသလိုမျိုး သူတို့ကိုယ်သူတို့ ရွေးကောက်ပွဲ့ နဲ့တက်လာတဲ့အစိုးရပါဆိုပြီး ကြေညာတဲ့ မင်းအောင်လှိုင်ဟာကလည်း ဒီနေ့အထိ သတင်းမီဒီယာနဲ့ ပတ်သက်ပြီးတော့ သူတိုဘက်ကနေ သူတို့မွေးထားတဲ့လူတစ်စုကနေ ထုတ်ပြန်တဲ့သတင်းကလွဲပြီး လွတ်လပ်တဲ့သတင်းမီဒီယာတွေထုတ်ပြန်တဲ့သတင်းမှန်သမျှကို သတင်းအတုအမှားပါဆိုပြီး ဝါဒဖြန့်တာလုပ်တယ်။ တစ်ဖက်မှာ ဒီဂျစ်တယ်နည်းပညာနဲ့သတင်းရယူခွင့်မရအောင်လုပ်ခဲ့တယ်။ သတင်းရယူတဲ့ကိစ္စမှာလည်း ဥပမာ ကုန်ဈေးနှုန်းနဲ့ပတ်သက်တဲ့သတင်းကို ပြည်တွင်းကစီးပွား ရေးလုပ်ငန်းရှင်တစ်ယောက်ယောက်ကိုသတင်းထည့်ရင် အသံဖျက်ပေးရတယ်။ ဘယ်ကလို့ ဖော်ပြလို့မရဘူး။ အဖြစ်အပျက်မှန်တယ် အင်တာဗျူးခံရတဲ့သူတွေရဲ့ နာမည်အမှန်ကို ဖျက်ပေးရတာရှိတယ်။ ဒီလိုပဲ ဖြေနေရင်းနဲ့တိမ်းရှောင်ရတဲ့သူတွေရှိသလို လွတ်မြောက်ရာနယ်မြေမှာ တိမ်းရှောင်ရတဲ့အခြေအနေရှိခဲ့တယ်။

အွန်လိုင်းကနေသတင်းရယူရာမှာလည်း အနှောင့်အယှက်အများကြီးကြုံရတယ်။ ခုနကပြောသလိုပဲ စစ်အုပ်စုကနေ စနစ်တကျဖျက်ဆီးနေတာရှိသလို တဖက်မှာလည်း သူတို့တွေရဲ့ ဖန်တီးတည်ထောင်လုပ်ကိုင်နေတဲ့ ဥပမာ ၂၀၂၅ ရွေးကောက်ပွဲနဲ့ဖြစ်ဖြစ် ဒီဟာတွေနဲ့ပတ်သက်လာရင် လွတ်လပ်တဲ့မီဒီယာက သူတို့ပါတီတွေကိုအင်တာဗျူးလုပ်လို့မရဘူး။ သတင်းတင်လို့မရဘူး၊ သူတို့မဖြေဘူး။

တစ်ဖက်မှာလည်း သူတို့ကမဲဆွယ်စည်းရုံးတာလုပ်တယ်၊ အစိုးရကလည်း ရွေးကောက်ပွဲကိုဟန့်တားနှောင့်ယှက်တဲ့ဥပဒေထုတ်ပြီး အရေးယူတဲ့အခြေအနေမျိုးမှာ တဖက်မှာသတင်းမှန်ရယူဖို့နဲ့ပတ်သက်ရင် နည်းမျိုးစုံပိတ်သလို ပါတီဘက်ကလည်း သတင်းရယူရေးနဲ့ပတ်သက်ပြီး သတင်းမပေးတာရှိတယ်။ ခုနကလိုစီးပွားရေးလုပ်ငန်းရှင်တွေကလည်း ဖြေပေးပေမယ့် ဖျက်ပေးရတာရှိတယ်။ ဒီလိုမျိုးတွေနဲ့အခက်အခဲဒုက္ခရောက်ခံပြီးတော့မှ သတင်းတစ်ပုဒ်ထုတ်ရတဲ့အခြေအနေမျိုးမှာ သတင်းသမားတွေရဲ့ အသက်အိုးအိမ်နဲ့ပေးဆပ်ထားရသလိုဖြစ်တယ်။ သတင်းတစ်ပုဒ်ရေးလိုက်တိုင်းမှာ Impact(သက်ရောက်မှု)တွေက အများကြီးကြုံရတယ်။ ဒါကြောင့်အများကြီးသတိထားပြီး လူထုသတင်းအမှန်သိပိုင်ခွင့်ကိစ္စ လုပ်နေရတာရှိပါတယ်။

မေး။ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံကသတင်းမီဒီယာသမားတွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို နိုင်ငံတကာကသတိပြုမိလာဖို့ လက်တွေ့ ကျတဲ့ကူညီထောက်ပံ့မှုတွေရရှိလာဖို့ ဘာတွေတိုက်တွန်းချင်လဲ။

ဖြေ။ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့က ကျနော်တို့သတင်းမီဒီယာသမားတွေအတွက် အရမ်းကို အရေးကြီးတဲ့နေ့ဖြစ်ပါတယ်။ တဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၅ နှစ်ကျော်လုံးလုံး သတင်းသမားတွေက အခက်အခဲအကြပ်အတည်းမျိုးစုံ အလှူရှင်ရဲ့ကန့်သတ်ချက်တွေနဲ့ရင်ဆိုင်ပြီးတော့ တချို့ဆိုရင် နိုင်ငံအတွက် လူထုအတွက် သတင်းမှန်သိရေးဆိုတဲ့မူလေးတစ်ခုနဲ့ချပြီးတော့ ဖက်တွယ်ပြီးတော့ သတင်းအလုပ်ကို မရရတဲ့နည်းနဲ့လုပ်နေတဲ့ သတင်းသမား၊ သတင်းဌာနတွေရှိတယ်။

အဲဒီလူတွေက ထမင်းဝဝစားရတဲ့အနေအထားမရှိဘူး။ တချို့ဆို ပူးပေါင်းပြီး ကပ်ပြီးနေနေရတဲ့ အခြေအနေမျိုးတွေရင်ဆိုင်နေရတာဖြစ်တဲ့အတွက် နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက် ထိုက်သင့်တဲ့ အကူအညီတွေပေးဖို့လိုအပ်နေပြီလို့ကျနော်တို့ယူဆတယ် တိုက်တွန်းပါတယ်။

နိုင်ငံတကာက ငွေကြေးအပြင် နည်းပညာတွေရော နည်းလမ်းပေါင်းစုံနဲ့ အားပေးနိုင်မှသာ ကျနော်တို့ရဲ့လွတ်လပ်တဲ့မီဒီယာတွေက ရှင်သန်ဖွံ့ဖြိုးနိုင်မယ်။ ဒီလိုမှသာ လူထုအတွက် သတင်းအမှန် သိပိုင်ခွင့်တွေ ပိုပြီးကြိုးစားလုပ်ကိုင်ရမယ့်အခြေအနေရှိတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ဒီနေ့အထိ သတင်းအမှန်သိပိုင်ခွင့် တစ်ခုတည်းကိုဖက်တွယ်ပြီးတော့ ကျားကုပ်ကျားခဲကြိုးစားနေတုန်းပဲရှိတယ်။ ဘယ်အချိန်မှာဘယ်လိုဖြစ်မလဲဆိုတာ ကျနော်တို့အနေနဲ့ကလည်း ခန့်မှန်းရတာအရမ်းခက်နေတဲ့ အခြေအနေမျိုးမှာ နိုင်ငံတကာအနေနဲ့ မြန်မာပြည်အရေးကိုပြစ်မထားဘဲ မျက်ခြေမပြတ် စောင့်ကြည့်ပြီးတော့ လိုအပ်တာကူညီထောက်ပံ့ဖို့ အမြန်ဆုံးလုပ်ပေးဖို့ IPCM အနေနဲ့ မေတ္တာရပ်ခံတိုက်တွန်းပါတယ်။

မေး။ မြန်မာနိုင်ငံမှာလွတ်လပ်ပြီးကျင့်ဝတ်နဲ့ညီတဲ့ သတင်းမီဒီယာပြန်လည်အားကောင်းလာဖို့၊ ရေရှည်ရှင်သန်နိုင်ဖို့ IPCM အနေနဲ့ ရှေ့ဆက်ပြီး ဘယ်လိုမူဝါဒ ဒါမှမဟုတ် မျှော်မှန်းချက် ချမှတ်ထားပါသလဲ။

ဖြေ။ ခုနကကျနော်ပြောသွားတာကတော့ Supporting ပေါ့နော်။ ကျနော်တို့ရဲ့မ ီဒီယာရှင်သန်ရေးအတွက် ကူညီထောက်ပံ့ဖို့အတွက် လုပ်နေသလိုမျိုးပဲ ရေရှည်ထောက်ပံ့ရေး အတွက်အစိတ်အပိုင်းတစ်ခုပေါ့နော်။ သို့သော်လည်း ကျန်တဲ့အပိုင်းတွေကအများကြီးရှိတယ်ပေါ့နော်။ ဆိုလိုတာက အခုချိန်မှာ ကျနော်တို့ရဲ့သတင်းမီဒီယာဌာနတွေက သတင်းအမှန်ထုတ်ဖို့က ကျနော်တို့ရဲ့မိတ်ဆက်တွေဖြစ်တဲ့ ERO တွေရှိတယ်။ သူတို့အနေနဲ့ကျနော်တို့ကို သတင်းအမှန် ပေးဖို့လိုသလို သတင်းသမားတွေကလည်း သတင်းကို အကြားနဲ့မရေးဘဲ သေချာလေ့လာပြီး လိုအပ်တဲ့အင်တာဗျူးတွေလုပ်ပြီး ထုတ်လုပ်ရေးသားဖို့လိုတယ်။

ဒါကလည်း သတင်းမီဒီယာဖွံ့ဖြိုးရေးကိစ္စမှာ အရမ်းကိုအရေးကြီးတဲ့အခြေခံအကျဆုံးကိစ္စဖြစ်တယ်။ State holder တွေနဲ့ပတ်သက်လာရင် သတင်းမီဒီယာတွေနဲ့ပူးပေါင်းပြီးတော့ သတင်းအမှန် ထုတ်ပြန်ဖို့ရယ်၊ ကျနော်တို့ဘက်ကနေ သတင်းအမှန်တွေထုတ်နိုင်ဖို့ သတင်းတွေ အင်တာဗျူးတွေ မှန်မှန်လုပ်ပေးဖို့နဲ့ နောက်တစ်ခုက သတင်းရယူရေးနဲ့ပတ်သက်ပြီး သွားလာတဲ့ကိစ္စတွေမှာ State holder တွေက ကျနော်တို့ကိုဝိုင်းဝန်းကူညီပေးဖို့ မေတ္တာရပ်ခံတယ်။ ဒါကလည်း လွတ်လပ်တဲ့သတင်းမီဒီယာတွေရှင်သန်ရေးကိစ္စမှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်။

ဒါမျိုးတွေကိုပူးပေါင်းဆောင်ရွက်မှသာလျှင် သတင်းမှန်ထုတ်လုပ်ရေး လွတ်လပ်သောသတင်းမီဒီယာ ရှင်သန်ရပ်တည်ရေးနဲ့ပတ်သက်ပြီး ပိုပြီးတော့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ မေတ္တာရပ်ခံသလို ကျနော်တို့မှာလည်းစီစဥ်နေတာရှိပါတယ်။ သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ ERO တွေနဲ့တွေ့ဆုံပြီး သတင်းရယူရေးကိစ္စနဲ့ ကျနော်တို့ပူးပေါင်းလုပ်ဆောင်ဖို့ ERO (၆)ဖွဲ့နဲ့တွေ့ဆုံဆွေးနွေးပြီးပါပြီ။ သူတို့ဘက်ကလည်း သတင်းရယူရေးနဲ့ပတ်သက်ရင် လိုအပ်တဲ့အကူအညီပေးမယ်ဆိုပြီး သဘောတူညီချက်ရခဲ့တာရှိပါတယ်။

နောက်တစ်ခုက ဒေသဆိုင်ရာသတင်းသမားတွေကို ကျနော်တို့တွေ့ဆုံနေတာရှိတယ်။ သူတို့တွေရဲ့ သတင်းရယူရေးနဲ့ပတ်သက်တဲ့အခက်အခဲတွေ လုံခြုံရေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကို မေးမြန်းပြီးတော့ စနစ်တကျစာတမ်းပြုစုပြီးတော့ နိုင်ငံတကာသတင်းမီဒီယာသမားတွေကို ကူညီထောက်ပံ့နေတဲ့အဖွဲ့တွေကို Report ထုတ်ပေးနေတာရှိတယ်။ နှစ်စဥ်လည်း ကျနော်တို့လုပ်ခဲ့တယ်။ ဆက်လက်ပြီး အခြေအနေပေးရင်ပေးသလို လုပ်သွားမှာပါ။

မေး။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါဦး။

ဖြေ။ အခုလိုမျိုး ကျနော်တို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ကနေပြီးတော့ ကျနော်တို့ဆောင်ရွက်နေတဲ့လုပ်ငန်းစဥ်တွေ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့် မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီး IPCM က အထူးအကာအကွယ်ပေးဖို့ ကြိုးစားဆောင်ရွက် နေဆဲဖြစ်ပါတယ်။ IPCM အနေနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေကိုတိုက်တွန်းချင်တာက မြန်မာနိုင်ငံရဲ့အကျိုးကို ကျနော်တို့ ပူးပေါင်းဆောင်ရွက်ကြရင်တော့ ပိုပြီးတိကျမှန်ကန်တဲ့ သတင်းတွေပေးနိုင်မယ်လို့ ယူဆတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...
April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...