မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်အရှိန်ဟုန် ဆက်လက်ကျဆင်းနေ

မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်အရှိန်ဟုန် ဆက်လက်ကျဆင်းနေ
Photo crd: social media
Photo crd: social media

မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး ဖိနှိပ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း မေလ(၃)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အ‌ခမ်းအနားပြုလုပ်ရာတွင် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)က ထောက်ပြလိုက်သည်။

စစ်အုပ်စုက သတင်းမီဒီယာလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့် ပိတ်ပင်ထားရုံသာမက သတင်းသမားများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်းနှင့် အဖက်ဖက်မှ ခြိမ်းခြောက်ခံရမှုများ ရှိပြီး နှစ်စဉ် ပိုမိုဆိုးဝါးလာနေသည်ဟု IPCM က ဆိုသည်။

“မီဒီယာအလုပ်ကလည်း အရင်ထက် ပိုအန္တရာယ်များလာတယ်။ အခုလိုအခြေနေကြားထဲမှာလည်း ဘယ်လိုဖြစ်ဖြစ်မီဒီယာတွေကတော့ ပြည်သူတွေရဲ့သတင်းရပိုင်ခွင့်နဲ့ သတင်းသိရှိပိုင်ခွင့်ကို အခက်အခဲအမျိုးစုံကြားကနေပြီးတော့ ဆက်လက်လုပ်ဆောင်ကြမှာပဲ”ဟု IPCM ပြောရေးဆိုခွင့်ရှိသူ ဦးတိုးဇော်လတ်က ပြောသည်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်အညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း၌ အဆင့် ၁၆၆ တွင် ရပ်တည်နေ၍ အဆိုးဝါးဆုံးအခြေအနေ၊ အနီရောင်အဆင့်တွင်ရှိနေသလို တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့်လည်း သတင်းမီဒီယာလွတ်လပ်ခွင့်မှာ ၂၅ ရာခိုင်နှုန်းအထိကျဆင်းနေကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့-RSF က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်အုပ်စုအနေဖြင့် သတင်းမီဒီယာတိုက်များအပေါ် ဒီဂျစ်တယ် ပိတ်ဆို့မှုများပြုလုပ်ခြင်း၊ အွန်လိုင်းပေါ်တွင် သတင်းမီဒီယာတိုက်များနှင့်သတင်းသမားများကို ခြိမ်းခြောက်မှု (၆၄)ရာခိုင်နှုန်းရှိနေကာ အထူးသဖြင့်  စစ်အုပ်စု ဦးဆောင်သည့် ရွေးကောက်ပွဲ ကာလအတွင်း အများဆုံးဖြစ်ကြောင်းလည်း ယမန်နေ့အခမ်းအနားတွင် စာရင်းပြုစုတင်ပြချက်အရသိရသည်။

လက်ရှိ စစ်အုပ်စုအုပ်ချုပ်သည့်နယ်မြေထဲ၌ သတင်းလွတ်လပ်ခွင့် လုံးဝမရှိသည့်အပြင် တော်လှန်ရေးအင်အားစုထိန်းချုပ်သည့်နယ်မြေထဲမှာလည်း သတင်းသမားများအပေါ် ကန့်သတ်မှုများလာသည်ကို တွေ့နေရသည်ဟု ကရင်နီဒေသရှိ အမျိုးသမီးသတင်းထောက်တစ်ဦးကဆိုသည်။

“စစ်အုပ်စုအုပ်ချုပ်တဲ့နယ်မြေတွေမှာတော့ သတင်းသမား‌တွေ လုံးဝထိန်းချုပ်ခံရတယ်လို့ ပြောလို့ရတယ်။ တော်လှန်ရေးအင်အားစု ထိန်းချုပ်တဲ့နယ်မြေမှာက မီဒီယာတွေကို ကန့်သတ်တာရှိနေတယ်။ သတင်းရေးလို့ နေရာပေါက်ကြားသွားမလား လေကြောင်းအန္တရာယ် လက်နက်ကြီးအန္တရာယ်ဖြစ်လာတယ်ဆိုပြီး ကန့်သတ်ခံရတယ်။ သတင်းလွတ်လပ်ခွင့်က လက်ရှိအချိန်မှာတော်တော်လေး ကျဆင်းလာတယ်လို့ မြင်တယ်”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

၂၀၂၆ ခုနှစ်ထဲတွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေး ကိုထိခိုက်စေသည့် အကြောင်းပြချက်ဖြင့် သတင်းမီဒီယာတိုက် (၄)ခုကို စစ်အုပ်စုက ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခဲ့သည်။ 

ထို့အတူ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ စစ်အုပ်စု၏ဖမ်းဆီးခံရသူ သတင်းမီဒီယာသမား(၂၀၀)ကျော်ရှိသည့်အနက် (၁၈)ဦးမှာ ယနေ့ထိတိုင် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်‌ကြောင်းလည်း IPCM စာရင်းအရ သိရသည်။

ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းသည့်ကိစ္စအပေါ်တွင်မူ IPCMအနေဖြင့် စစ်အုပ်စု၏ မီဒီယာလိုင်စင်ပိတ်သိမ်း ယန္တရားကို အသိမှတ်မပြု ဟုဆိုသည်။ ထို့အပြင် မတရားဖမ်းဆီးခံရသည့် မီဒီယာသမားများကို ချက်ချင်းလွှတ်ပေးရန်နှင့် သတင်းဌာနများအပေါ် ပစ်မှတ်ထား ဖိနှိပ်ပိတ်ပင်မှုများကို ရပ်တန့်ပေးရန် IPCM က တောင်းဆိုသည်။

အွန်လိုင်းပေါ်တွင်  ပြုလုပ်သည့် သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် သတင်းမီဒီယာတိုက်များကို ဒီဂျစ်တယ် နည်းပညာများဖြင့် သတင်းလွတ်လပ်ခွင့် ပိတ်ပင်ခံရမှုအခြေအနေများကိုအစီရင်ခံစာတင်ပြခဲ့သည်။

ယင်းအပြင် အခမ်းအနားအစီအစဉ်အရ အာဏာသိမ်း(၅)နှစ်တာကာလ သတင်းရယူခွင့်၊ သတင်းသမားများလုံခြုံရေးအခြေအနေနှင့်လွတ်မြောက်နယ်မြေအတွင်းရှိ သတင်းမီဒီယာ လှုပ်ရှားနေရမှုအခြေအနေများကိုလည်း စကားဝိုင်းအနေဖြင့် ဆွေးနွေးခဲ့ခြင်းရှိခဲ့သည်။

May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...