ဇူလိုင်လ ရ ရက်နေ့ ကဖြစ်ပေါ်ခဲ့သည့် ကျောင်းသား သမဂ္ဂ အဆောက်အဦး ဖြိုးခွဲခံရပြီး ကျဆုံးခဲ့သော ကျောင်းသားများအား မမေ့နိုင်သော အထိမ်းအမှတ် ပြုလုပ်ရခြင်းဖြစ်သလို လက်ရှိ အစိုးရအနေဖြင့်လည်း ကျောင်းသားများအပေါ် အကြမ်းဖက် ဖမ်းဆီးမှုများ မပြုလုပ်ရန် နှင့် ဆဲဗင်းဇူလိုင်ကဲ့သို့ ကျောင်းသားသမဂ္ဂ များကို ဖြိုးခွဲဖို့ မပြုလုပ်ရန် လိုအပ်ကြောင်း ကယားပြည်နယ်ကျောင်းသားများ သမဂ္ဂဥက္ကဌ ခွန်ရဲမင်းကျော်က ပြောသည်။
ခွန်ရဲမင်းကျော်က “ကျနော်တို့ ဒီ ဆဲဗင်းဇူလိုင် နေ့ကိုအားလုံး မမေ့ကြဖို့ရယ် ကျောင်းသားတွေက ဒါတွေကို အမြဲရင်ဘက်ထဲ ထည့်ထားပြီး ကျနော်တို့က အလေးပြုကြတာပါ ဒီနေ့မှာ စစ်အစိုးရက ဖမ်းဆီးထားတဲ့ ကျောင်း သားကို ပြန်လွှတ်ပေးဖို့၊ အကြမ်းမဖက်ဖို့ ဖမ်းဆီးခြင်းတွေ မပြုလုပ်ဖို့ ကျနော်တို့ ကျောင်းသား သမဂ္ဂတွေကို ဖြိုခွမှုတွေ မပြုလုပ်ဖို့ ဒီနေ့မှာကျနော်က ဒါတွေကို တောင်းဆိုလိုက်တယ် လို့ပြောချင်ပါတယ် ” ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။
7 july အောက်မေ့ဖွယ် အခမ်းနားကို ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ (kssu) ရုံးချုပ်ရှိရာ လွိုင်ကော်မြို့တွင် နံနက် ၈ နာရီခန့်က စတင်ပြုလုပ်ခဲ့ပြီး သမဂ္ဂအလံအားအလေးပြုခြင်း ၊ ကျဆုံးသွားသော ကျောင်းသား အာဇာနည်များအား အလေးပြုခြင်း နှင့် ကမ္ဘာမကြေဘူး ဆိုသည့်သီချင်းအား သီဆို၍ အခမ်းနားကို ပြုလုပ်ခဲ့သည်။
လက်ရှိ စစ်အစိုးရအနေဖြင့် ကျောင်းသားများအပေါ် အကြမ်းဖက် ဖမ်းဆီးမှုများကို မပြုလုပ်သင့်တော့ဘူး ဟု ကျောင်းသားတစ်ဦး က ပြောဆိုလိုက်သည်။
“ကျနော်တို့က ကျောင်းသားပါ ကျောင်းသားတွေအပေါ် အကြမ်းဖက် ဖမ်းဆီးတာတွေ ၊အရေးယူတာတွေ ဆက်မလုပ်ပါနဲ့တော့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကိုလည်း ပြန်လွှတ်ပေးပါတော့လို့ပဲ တောင်းဆိုချင်တယ် ”ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။
7 ဇူလိုင်အခမ်းနားအား ကယားပြည်နယ်ကျောင်းသား သမဂ္ဂအပြင် ကရင်နီပြည်လူငယ်များသမဂ္ဂ (uksy) တွင်လည်းပြုလုပ်ခဲ့ပြီး ဟောပြောပွဲ သမိုင်းကြောင်းများ ဟောပြောခဲ့ကြောင်းသိရသည်။
တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ဗိုလ်ချုပ်နေဝင်းအစိုးရသည် ၁၉၆၂ ဇွန်လ ၁၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား များအား ချုပ်ချယ်ထားသော ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကိုထုတ် ပြန်ခဲ့သောကြောင့် ကျောင်းသားများက ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အစိုးရက လိုက်လျောမပေးဘဲ ဇူလိုင်လ ၈ ရက်နေ့တွင် ကျောင်းသားသမဂ္ဂအဆောက်အဦးများကိုပါ ဗုံးခွဲဖျက်ဆီးခဲ့ခြင်း ၊ သေနတ်နှင့်ဝင် ရောက်ပစ်ခတ်ခဲ့ခြင်း ပြုလုပ်ခဲ့ရာ ကျောင်းသားများအသေအပျောက်များ ရှိခဲ့ခြင်းဖြစ်သည်။







