AA နှင့် မဟာမိတ်တပ်များ စစ်ကိုင်းတွင် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်

AA နှင့် မဟာမိတ်တပ်များ စစ်ကိုင်းတွင် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်

ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များသည် ထီးချိုင့်မြို့မှ ထွက်ခွာလာသည့် စစ်အုပ်စုယာဉ်တန်းကို လမ်းခု လတ်တနေရာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ အကျ အဆုံးရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ထီးချိုင့်မြို့သို့ ရောက်ရှိလာသည့် စစ်အုပ်စုတပ်စစ်ကြောင်းသည် မေလ ၁၀ ရက်နေ့တွင် ကသာမြို့သို့ ဦးတည်ထွက်ခွာလာစဉ် မွန်းလွဲ ၂ နာရီခွဲခန့်တွင် AA၊ KIA၊ PDF နှင့် မဟာမိတ်ပူးပေါင်းတပ်များက အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ရှေ့တန်းသတင်းရင်းမြစ်တဦးက "စစ်ကောင်စီ စစ်ကြောင်းက ၁၀ ရက်နေ့မှာ ထီးချိုင့်ကနေ ကသာကို စထွက်လာတာ။ လမ်းခုလတ်မှာ တော်လှန်ရေးတပ်ဘက်က စောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲက တော်တော်လေး ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ယောက် နေရာတင် ပွဲချင်းပြီး ကျဆုံးခဲ့သလို အများအပြားလည်း ဒဏ်ရာရသွားတယ်" ဟု မဇ္စျိမသို့ ပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်က အထိအခိုက်မရှိဘဲ စစ်အုပ်စုတပ်ထံမှ စစ်ဘက်သုံးယာဉ် သုံးစီး၊ ဆိုင်ကယ် တစီးနှင့် သေနတ် ခုနစ်လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရင်းမြစ်က အတည်ပြုထားသည်။

ယင်းအပြင် မေလ ၁၁ ရက်နေ့တွင်လည်း ကသာမြို့မှ အင်းတော်မြို့သို့ စစ်ယာဉ်တန်း အစီး ၃၀ နှင့် တင့်ကားတစီး ပါဝင်သည့် အင်အားအလုံးအရင်းဖြင့် ထပ်မံစစ်ကြောင်းထိုးလာရာ ၎င်းစစ်ကြောင်းကြောင့် အင်းတော်မြို့နယ်အတွင်း စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိမြေပြင်အခြေအနေနှင့် ပတ်သက် ၍ အင်းတော်ဒေသခံတော်လှန်ရေးရဲဘော်တဦးက "အခု ကသာကနေ အင်းတော်ဘက်ကို တင့်ကားတွေပါဝင်တဲ့ စစ်ကြောင်းကြီး တက်လာနေပြီ။ အင်းတော်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တဲ့ အနေ အထားရှိတယ်။ ဒါကြောင့် မြို့နီးနားကကျေးရွာ ၁၀ကျော်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေကြရတယ်"ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့တွင် KIA နှင့် PDF များ ထိန်းချုပ်ထားသည့် အင်းတော်မြို့ကို စစ်အုပ်စုတပ်က ပြန်လည်သိမ်းပိုက်ခဲ့သလို၊ မတ်လ ၂၉ ရက်နေ့တွင်လည်း ကသာမြို့ကို ပြန်လည်ထိန်း ချုပ်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါနယ်မြေများကို ပြန် လည်စိုးမိုးနိုင်ရန် AA နှင့် မဟာမိတ်တပ်ဖွဲ့များက ပြောက်ကျားစစ်ဆင်ရေးများဖြင့် တိုက်ခိုက်လျက်ရှိရာ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စစ်ရေးအရှိန် မြင့်တက်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...
ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...