လေကြောင်းအန္တရာယ် အချက်ပေးစနစ်များကို အသုံးပြုရန် တောင်းဆို

လေကြောင်းအန္တရာယ် အချက်ပေးစနစ်များကို အသုံးပြုရန် တောင်းဆို

ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လာနေသဖြင့် ပြည်သူများ၏ လုံခြုံရေးအတွက် တပ်ဆင်ထားပြီးသား လေကြောင်းအန္တရာယ် အချက်ပေးစနစ်များကို ထိရောက်စွာ အသုံးပြုစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဒေသအချို့တွင် လေကြောင်းအန္တရာယ် အသိပေးစနစ်များ တပ်ဆင်ထားသော်လည်း အချို့စနစ်များမှာ လက်တွေ့အသုံးပြုမှု နည်းပါးနေပြီး လေယာဉ်ပျံဝဲနေချိန်များတွင်ပင် အချက်ပေးသံ မကြားရကြောင်း ဒေသခံများက ပြောသည်။

ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက “လေယာဉ်တွေ ဝဲနေတာ ကြာနေတောင် ဥဩဆွဲသံ မကြားရဘူး။ စက်တွေက အလုပ်မလုပ်တာလား၊ မဖွင့်တာလား မသိဘူး။ ကျနော်တို့ကတော့ လေကြောင်းအချက်ပေးစနစ်တွေ လုပ်ထားရင် အသုံးပြုစေချင်တယ်” ဟု ပြောသည်။

ယခုနောက်ပိုင်း စစ်အုပ်စုက လေယာဉ်အုပ်စုများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေပြီး လေကြောင်းစစ်ဆင်ရေးကို စနစ်တကျ တိုးမြှင့်ဖော်ဆောင်လာနေသည်။

ပြီးခဲ့သည့် မေ ၇ ရက်ကလည်း မင်းပြား၊ ကျောက်တော်မြို့နယ်တို့ကို စစ်တပ်က လေယာဉ်အုပ်စုဖြင့် တစ်ရက်တည်းမှာ အချိန်အတန်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းဖြစ်စဉ်အတွင်း ၃ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ထိုသို့ လေယာဉ်အုပ်စုဖြင့် ဗုံးကြဲမှုတိုးမြင့်လာနေသဖြင့် ဒေသခံများကြား စိုးရိမ်မှုမြင့်တက်နေကြကာ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများ ရှိလာမည်ကိုလည်း ကြောက်လန့်စိတ်များရှိနေကြသည်။

“ရပ်ကွက်တိုင်းမှာတော့ လေကြောင်းအန္တရာယ် သတိပေးစနစ်တွေ ရှိသင့်တယ်။ ဘာမှ အကာအကွယ် မပေးနိုင်ရင်တောင်မှ ဥဩဆွဲတာက သတိတော့ပေးနိုင်တယ်လေ။ နောက်ပြီး ဥဩသံမြည်ရင်တောင်မှ တစ်မြို့ မှာ တစ်နေရာပဲ တပ်ဆင်ထားတာကြောင့် လူစုလူဝေးဖြစ်တဲ့ နေရာတွေမှာဆို တော်ရုံနဲ့ မကြားရဘူး။ ဒါကြောင့် မြို့တိုင်း၊ ရပ်ကွက်တိုင်းမှာ တပ်ဆင်သင့်တယ်” မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အုပ်စုက AA ထိန်းချုပ်နယ်မြေများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံနှင့် လူနေထူထပ်သည့် နေရာများအပါအဝင် စစ်ရေးနှင့် မသက်ဆိုင်သည့်နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ပြည်သူများ၏ လုံခြုံရေးမှာ ပိုမိုစိုးရိမ်ဖွယ်ဖြစ်လာနေသည်။

ယင်းကြောင့် လေကြောင်းအန္တရာယ် အသိပေးစနစ်များကို စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းနှင့် လူနေထူထပ်သည့်နေရာများတွင် ဦးစားပေးတပ်ဆင်သင့်ကြောင်းလည်း ထောက်ပြနေကြသည်။

တဖက်တွင် ရခိုင်ဒေသအတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသဖြင့် အွန်လိုင်း အခြေပြု သတိပေးစနစ်များ အသုံးပြုရန် ခက်ခဲနေကြောင်းလည်း သိရသည်။ ထို့ကြောင့် မြေပြင်အသုံးပြုနိုင်သည့် လေကြောင်းအန္တရာယ် အသိပေးစနစ်များကို တိုးမြှင့်တပ်ဆင်ပေးရန် ဒေသခံများက လိုလားနေကြသည်။

“အခုက လေယာဉ်တွေ အုပ်စုဖွဲ့ တိုက်ခိုက်တာတွေ ရှိလာတယ်။ ဒါကြောင့် ကြောင့်ကြစိုးရိမ်မှု အများကြီးနဲ့ နေရတယ်။ တချို့ဒေသခံတွေဆို ကြောက်ပြီး တိမ်းရှောင်နေရ တာတွေ ရှိတယ်။ ဒေသခံတွေမှာတော့ ကိုယ်ဘယ်နေ့၊ ဘယ်အချိန်မှာ လာချမလဲ ဆိုတာကို ကြောင့်ကြစိတ်နဲ့ ရှင်သန်နေရတယ်” ဟု ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုမှ အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ယခုအခါ လေကြောင်းကို အဓိက စစ်ဆင်ရေးအဖြစ် အသုံးပြုလာသောကြောင့် ရခိုင်အပါအဝင် နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုများပိုပြီး ကျယ်ကျယ် ပြန့်ပြန့် လုပ်လာနိုင်ကြောင်း စစ်ရေးအကဲခတ်သူတို့က သုံးသပ်ထားကြသည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...