ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံ ၆,၀၀၀ ခန့် စစ်ရှောင် နေရ

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံ ၆,၀၀၀ ခန့် စစ်ရှောင် နေရ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် မြောက်ဘက်အခြမ်းတွင် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၈ ရက်နံနက်ပိုင်းမှစတင်၍ ခြေလျင်စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ခန့် အိုးအိမ် စွန့်ခွာ စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ချင်းတွင်းမြစ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ ရေယာဉ်များကို အကာအကွယ်ပေးနေသော စစ်ကောင်စီ တပ်သားများက ခြေလျင်စစ်ကြောင်းထိုးကာ ကျောက်မှော်ကျေးရွာတွင် တပ်စွဲနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးငယ်တွေနဲ့ နေရောညပါ ပစ်ခတ်နေကြတာပါ။ တစ်ချို့ ကလည်း လက်နက်ကြီးကျည်ကြောက်တာနဲ့ လျှိုကလေး၊ ချပ်ကလေးတွေကြား ဆင်းပြီးအိပ်ရတယ်။  ရုတ်တရက် ပြေးလွှားလာတာဆိုတော့ ခြုံစရာစောင် ပါမလာကြဘူး။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အို တွေ အအေးပတ်၊ ချောင်းဆိုး ၊ ရင်ကြပ်ကြတာတွေ ရှိတယ်။ အစားအသောက်ကလည်း စစ်ရှောင်ရက်က တစ်ပတ်ကျော်ပြီဆိုတော့ မရှိကြတော့ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ကျောက်မှော်၊ ပန်းတိမ်ပြင်၊ စေသူ၊ သံဘို၊ သံပုရာပင်ရိုး၊ ကျွန်းပေါ်၊ နှောပင်၊ ယင်းဘိုး၊ ကျွန်းကလေး စသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၁၅ ရွာမှ လူဦးရေ ၆,၀၀၀ ခန့် စစ်ရှောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ရှောင်များကို ဗမာ့လွတ်မြောက်ရေးတပ်ဖွဲ့  Medical Team က အနီးကပ် ဆေးဝါးစောင့် ရှောက်မှုများ ပေးနေကြောင်း သိရသည်။

စာတည်း။   ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။  ။စောဖေ

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...