မြိုင်တွင် ခြောက်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၁၄၀) ကျော် ပြုလုပ်

မြိုင်တွင် ခြောက်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၁၄၀) ကျော် ပြုလုပ်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ပိုင်းအထိ ခြောက်ရက်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၁၄၀) ကျော် ပြုလုပ်ခဲ့ကြောင်း We Love Myaing အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု (၂၁) ကြိမ်၊ ၂၅ ရက်နေ့တွင် ခြောက်ကြိမ်ထက်မနည်း၊ ၂၆ ရက်နေ့တွင် (၁၀) ကြိမ်ခန့်၊ ၂၇ ရက်နေ့တွင် အကြိမ်ရေ (၇၀) ကျော်၊ ၂၈ ရက်နေ့တွင် အကြိမ်ရေ (၂၀) ကျော်နှင့် ၂၉ ရက်နေ့တွင် (၂၀) ခန့် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေများနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

သို့သော် ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းက မြိုင်မြို့နယ် အနောက်မြောက်ဘက်ပိုင်းရှိ နှမ်းစားကျင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း We Love Myaing အဖွဲ့က ဆိုသည်။

အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) မှ တာဝန်ရှိသူတစ်ဦးက “ဒီနားတွေမှာ တိုက်ပွဲကတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ တိုက်ပွဲဖြစ်တာတွေကြားတယ်။ ဒီနောက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တာတွေ မကြားဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ မနေ့ညကလို့ ပြောရမယ်ဗျ။ ဂျက်ဖိုက်တာခြောက်စီး၊ Y 12 နှစ်စီးနဲ့ တညလုံးပါပဲ။ တညလုံး တိုက်နေတာ တွေ့ခဲ့တယ်။ ဘာလို့ အရှိန်မြှင့်နေလဲဆို သူတို့သွားချင်တဲ့လမ်းကြောင်း ဆက်သွားချင်လို့ ဖြစ်လိမ့် မယ်ထင်တယ်။ သင်းမနားမှာလည်း သူတို့ရောက်နေတာကြာပြီ။ တိုက်ပွဲဖြစ်တာလည်း အစောပိုင်းက ရှိတယ်။ သူတို့ဘက်က အကျအဆုံး အများကြီးရှိတယ်လို့လည်း ကျွန်တော်တို့ ကြားသိရတယ်” ဟု ဇူလိုင်လ ၂၉ ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

မြိုင်မြို့နယ်အလယ်ပိုင်း၊ သင်းမရွာနှင့် ဂျူတ်ကုန်းရွာဘက်များကို ဖြန့်ကြက်နေရာယူထားသည့် စစ်အုပ်စု စစ်ကြောင်းသည် လက်ရှိတွင် ရွေ့လျားမှုမရှိသေးဘဲ ငြိမ်သက်နေပြီး ဇူလိုင်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းကမူ ထောက်ပို့လေယာဉ်ဖြင့် ကျည်နှင့်ခဲယမ်းများ ချပေးဖြည့်တင်းခဲ့ကြောင်း အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) က ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကြောင်းနှင့် အနီးဆုံး ငါးမိုင်ပတ်လည်အတွင်းရှိ ပြည်သူများအနေဖြင့် အထူးသတိထား နေထိုင်ကြရန် အဆိုပါထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

လက်ရှိစစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင် ကျေးရွာဘက်မှ မြိုင်မြို့နယ်ဘက်သို့ ရွေ့လာသည့် စစ်အုပ်စုစစ်ကြောင်း ဖြစ်သည်။

စစ်ကြောင်းထိုးနေသည့် ကာလအတွင်း မြိုင်မြို့နယ်ရှိ သင်းမ၊ ကန်နက်၊ လက်ခုတ်ပင်၊ ညောင်ကုန်း၊ ကိုင်းတောမနှင့် ထန်းငယ်တော စသည့်ကျေးရွာများ မီးရှို့ခံခဲ့ရပြီး၊ နှစ်လအတွင်း ပေါက်နှင့် မြိုင်မြို့နယ်တို့မှ ဒေသခံ (၂၄) ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...