ကျောက်ထုတွင် စစ်ဘေးရှောင် ၈,၀၀၀ ခန့် စားသောက်နေထိုင်ရေး အခက်တွေ့

ကျောက်ထုတွင် စစ်ဘေးရှောင် ၈,၀၀၀ ခန့် စားသောက်နေထိုင်ရေး အခက်တွေ့

မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း ကြောင့် ဒေသခံ ၈,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေရပြီး စစ်ရှောင်ရက် ကြာမြင့်လာသည်နှင့်အမျှ စားသောက်ရေးနှင့် နေထိုင်ရေး အခက်အခဲကြုံတွေ့နေကြသည်။

စစ်အုပ်စုတပ်က ကျောက်ထု-မင်းတပ်လမ်းပိုင်းနှင့် ကျောက်ထု-ထီလင်းလမ်းပိုင်းများအပြင် ကျောက်ထုမြို့ အနီးတစ်ဝိုက် ကျေးရွာများကို ဇွန်လပိုင်းမှစတင်ကာ အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ရှောင်ရက် တစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။

ကျောက်ထုဒေသခံ အမျိုးသားတစ်ဦးက “စစ်ကြောင်းက ကျောက်ထုကနေ ပတ်ပတ်လည်ကို စစ်ကြောင်းထိုး နေတော့ ရှောင်ရတာ အခက်တွေ့ပါတယ်။ တချို့လည်း စစ်ကြောင်းနဲ့တွေ့ပြီး အသတ်ခံကြရတယ်။ မသေရင် လည်း လူသားဒိုင်းပုံစံမျိုး အလုပ်ခံကြရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကျောက်ထုမြို့နယ်တွင် လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ရွာသာရွာမှ အမျိုးသားတစ်ဦးကို သတ်ဖြတ်ကာ နေအိမ် ၅၃ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး တပြင်းရွာနှင့် ကြီးရွာတို့မှ ဒေသခံလေးဦးကိုလည်း သတ်ဖြတ် ခဲ့သည်။

အဆိုပါ စစ်ရှောင်နေရသည့်ဒေသသည် မကွေးတိုင်းနှင့် ချင်းတောင်အစပ်ရှိ ကျေးရွာငယ်များဖြစ်ကာ ကုန်ဈေးနှုန်း ကြီးမြင့်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် စစ်ရှောင်ရေးတွင် အခက်အခဲများ ရှိနေသည်။

မိအယ်ရွာခံ အမျိုးသားတစ်ဦးက “မိုးကတော့ အားကောင်းတယ် မပြတ်ဘူးရွာနေတာ။ ရွှံ့ထဲနွံထဲ ပြေးလွှား ရှောင်ကြရတယ်။ ဓာတ်ဆီဈေးက တစ်လီတာကို ၁၁,၀၀၀ ကျပ်ဖြစ်နေတော့ ဆိုင်ကယ်နှစ်စီးဆို ၂၀,၀၀၀ ကျော်နေပြီ။ ဈေးဆိုင်တွေလည်း မရှိကြတော့ ဝယ်ဖို့ကို မလွယ်ဘူး ဖြစ်နေတယ်” ဟု ဆိုသည်။

စစ်အုပ်စုတပ်က ကျောက်ထုဒေသကို မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကိုပါ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် ဒေသခံပြည်သူများ စိုးရိမ်ကြောက်လန့်နေရသည်။

စစ်အုပ်စုတပ် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျောက်ထုမြို့နယ်အတွင်းရှိ တပြင်း၊ ပလောင်း၊ မိအယ်၊ နှော်၊ လယ်ဆော၊ ကြီး စသည့်ကျေးရွာများမှ ဒေသခံ ၈,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေကြရပြီး နေထိုင်ရေးနှင့် စားသောက်ရေးတို့တွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...
The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...