ငါန်းဇွန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ ပစ်သတ်ခံရ

ငါန်းဇွန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ သံဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နှင့် ဇနီးဖြစ်သူ ဒေါ်အေးမြတို့ ဇန်နဝါရီလ ၅ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

“ဦးစိုးနိုင်က စစ်ကောင်စီခန့် အုပ်ကြီးပါဗျ။ ပျူဖွဲ့ဖို့ကြိုစားနေတာ။ သူ့ကြောင့်တခြားရွာက ပြည်သူတစ်ဦး အဖမ်းခံရတာ အခုထိမလွတ်သေးဘူးဗျ။ စစ်ကောင်စီတပ်သားတွေခေါ် အရက်တိုက်ပြီး မကျေနပ်တဲ့အိမ်တွေကို ရှာစစ်နေတာဗျ”ဟု TGYR.(LPDF)မှ ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများဖော်ပြသည့် MDY Image တယ်လီဂရမ်ချန်နယ်တွင် ဦးစိုးနိုင်သည် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရပ်/ကျေးစည်းရုံးရေးမှူး တစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

ဦးစိုးနိုင် (၅၀နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်အေးမြ (၅၃ နှစ်)တို့သည် သံဘိုကျေးရွာရှိ နေအိမ်တွင် နေထိုင်လျက်ရှိစဉ် ဆိုင်ကယ်တစ်စီးဖြင့် ပီဒီအက်(ဖ်) အမျိုးသားနှစ်ဦး ရောက်လာပြီး နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဦးစိုးနိုင်မှာ ဦးခေါင်းနှင့် ယာနှာခေါင်း ဖောက်ဝင်ဒဏ်ရာနှစ်ချက်၊ ဇနီးဖြစ်သူ ဒေါ်အေးမြမှာ ရင်ညွန့်နှင့် ဝဲဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးသွားသည် ဟု ထိုချန်နယ်တွင် ရေးသားထားသည်။

အဆိုပါပစ်ခတ်မှုကို TGYR.Youth Guerilla Counter Revolution ( LPDF) နှင့် မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Black Hero Guerrilla Force ( BHGF ) တို့က စွန်ရဲစစ်ဆင်ရေး(၅)အမည်ဖြင့် ပြုလုပ်ခဲ့ကြောင်း ယမန်နေ့ ဇန်နဝါရီလ ၆ရက်နေ့က ထုတ်ပြန်ထားသည်။

TGYR.(LPDF)က စွန်ရဲစစ်ဆင်ရေးကို လုံခြုံရေးအရပြည်သူတွေကို အသိမပေးဘဲ ခေါင်းစဉ်ကိုသာဖော်ပြီး စစ်ဆင်ရေးပြုလုပ်နေ၍ စစ်ကောင်စီများနှင့်ဝေးရာနေပေးခြင်းဖြင့် ကူညီပေးရန် တောင်းဆိုထားပြီး TGYR.(LPDF)၏ စွန်ရဲစစ်ဆင်ရေးကို စစ်ကောင်စီနှင့် နောက်လိုက်များ ကြောက်စေရမည်ဟု TGYR.(LPDF)က အသိပေးထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...