ဒီပဲယင်းနယ် ကျေးရွာပေါင်း ၃၀ ကျော် မီးရှို့ဖျက်ဆီးခံရတဲ့ မီးဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အကူအညီလိုအပ်နေ

ဒီပဲယင်းနယ် ကျေးရွာပေါင်း ၃၀ ကျော် မီးရှို့ဖျက်ဆီးခံရတဲ့ မီးဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ က မီးဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်အကူညီတွေ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်ကောင်စီက ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေး ခေါင်းစဥ်နဲ့ ဝင်ရောက်စီးနင်း မီးရှို့ခဲ့လို့ နေအိမ် ၃၀၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“အစပိုင်းမှာတော့ အလှူရှင်တွေ ကူညီကျတဲ့ ဆန်တွေပဲတွေ နဲ့ ဘုန်းကြီးကျောင်းတွေမှာ ပေါင်းပြီး ချက်ပြုတ်ပေးတာရှိတယ်။ တစ်ချို့ကျ ကိုယ့်ဘာသာ အဆင်ပြေအောင် ဖြေရှင်းကြရတယ်။ ကျနော်တို့ ကူညီနိုင်တာကလည်း တစ်အိမ်မှာ ဆန်တစ်ပြည် ငွေတစ်သောင်းပဲလေ အိမ်ခြေက ၃၀၀၀ ကျော်ဆိုတော့ ခက်တာပေါ့။ ကျန်းမာရေးနဲ့ပတ်သက်လို့ အရေးပေါ်ဆေးကုသဖို့  မလွယ်ကူပါဘူး” လို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ်က ကျေးရွာတွေမှာ ဝင်ရောက် စီးနင်းမီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မော်လိုက်အခြေစိုက် ခမရ–၃၆၄ နှင့် မှောဘီအခြေစိုက် ရန်ကုန်အထူးပြု ခလရ–၇၀၁ တပ်တွေဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းတွေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားတဲ့အတွက် မီးဘေးသင့် ဒေသခံတွေအတွက် ယာယီတဲတည်များဆောက်လုပ်နေထိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“မီးဘေးသင့်ပြည်သူတွေအနေနဲ့ ပြန်လည်တည်ဆောက်ရေး အတွက်က မလွယ်သေးဘူး။ ဒါ့ကြောင့် ဖြစ်သလို မိုးကာတွေကာပြီး ဖျာတွေခင်းပြီးနေရတာပေါ့။ တစ်ချို့ဆို ဘုန်းကြီးကျောင်းမှာပဲ နေနေရတာမျိုးရှိပါတယ်။ အခက်အခဲက ကြီးပါတယ်။ ယာယီတဲဆောက်ဖို့ဆို စားရိတ်ကများတယ်။ လက်တလောဆို ဆောက်ဖို့ အဆင်မပြေသေးပါဘူး“လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြန်မာပြည်တစ်ဝှမ်းက အိမ်ခြေ ၄ သောင်းကျော် မီးရှို့ဖျက်ဆီးခဲ့ရာ စစ်ကိုင်းတိုင်းမှာ နေအိမ် ၃ သောင်းကျော် ဖျက်ဆီး မီးရှို့ခံရပြီး အဲဒီထက်က ဒီပဲယင်းတစ်မြို့နယ်တည်းမှာဘဲ နေအိမ် ၄၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...