Starlink မူဝါဒပြောင်း၍ ဒီးမော့ဆိုရှိ အင်တာနက်ဆိုင်တချို့ GB အလိုက် စနစ်သို့ ပြောင်းလဲရောင်းချ

Starlink မူဝါဒပြောင်း၍ ဒီးမော့ဆိုရှိ အင်တာနက်ဆိုင်တချို့ GB အလိုက် စနစ်သို့ ပြောင်းလဲရောင်းချ
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့် Starlink အင်တာနက် ဝန်ဆောင်မှုပေးနေသည့် ဆိုင်အချို့၌ ယခင်ကကဲ့သို့ နာရီအလိုက် ဝယ်ယူသုံးစွဲ၍ မရတော့ဘဲ ဒေတာပမာဏ GB အလိုက် ပြောင်းလဲရောင်းချနေကြသည်။

Starlink ဝန်ဆောင်မှုပေးနေသူတစ်ဦးက “အဓိကက နာရီနဲ့ ရောင်းတဲ့ချိန်မှာ လာသုံးတဲ့သူတွေက ဇာတ်ကား ဒေါင်းတာတို့၊ ဗီဒီယိုကြည့်တာတို့များတော့ ဒေတာတွေက အသုံးများသွားတယ်ပေါ့။ အဲ့လိုများတော့ စတား လင့်ဖက်ကနေပြီး သူတို့ ပေါ်လစီနဲ့ မညီဘူး။ ဒေတာ အများကြီး သုံးပိုင်ခွင့်မရှိဘူး။အဲ့လို ဒေတာအများကြီး သုံးတဲ့စက်က လိုင်းတွေကို လုပ်နှေးတာတို့ ပိတ်ချလိုက်တာတို့ ပလန်တွေ ဘာတွေ ပြောင်းခိုင်းတာပေါ့ စတား လင့်ဖက်က။ အဲ့ဒါကြောင့် စတားလင့်ဖွင့်တဲ့ သူတွေက သူတို့စက်ပိတ်အောင် သူတို့စက်က policy (မူဝါဒ) နဲ့အညီ ဆက်သုံးလို့ရအောင် သူတို့က နာရီနဲ့ ပေးမသုံးတော့ပဲ GB နဲ့ ပြောင်းပြီး ရောင်းကြတယ်ပေါ့” ဟု ပြောသည်။

လက်ရှိတွင် Starlink ဒေတာအနည်းဆုံး 1 GB လျှင် ကျပ် ၁,၀၀၀ ဝန်းကျင်မှ စတင်ရောင်းချနေပြီး အများဆုံး 10 GB အထိ ဝယ်ယူသုံးစွဲနိုင်သည့် Package များ ရှိနေသည်။ သို့သော် ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင်၊ နေရာဒေသ အသီးသီးပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိနေကြောင်း ဝန်ဆောင်မှုပေးသူများက ဆိုသည်။

အခြား Starlink ဝန်ဆောင်မှုပေးသူတစ်ဦးက “တော်တော်များများ ရောင်းတာ တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ အများအားဖြင့်တော့ 1 Gb ကိုတစ်ထောင်ပေါ့။သုံးရင်သုံးသလောက်ကုန်မှာပေါ့။အကယ်၍ သူက တစ်ရက်ကို 1 Gbလာက်ပဲ သုံးတယ် ထားပါတော့ တစ်လဆို Gb 30 ဆို သုံးသောင်း အဲ့လောက်ဖြစ်သွားမှာ ပေါ့” ဟု ပြောသည်။

ယခင်ကဲ့သို့ နာရီအလိုက် ဝယ်ယူသုံးစွဲ၍ မရတော့ဘဲ GB အလိုက် ပြောင်းလဲဝယ်ယူသုံးစွဲရသည့်အတွက် အင်တာနက် အသုံးပြုသူများအတွက် ကုန်ကျစရိတ် ပိုမိုမြင့်မားလာနိုင်သည်။

ကရင်နီပြည်ရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်အုပ်စုတပ်၏ ဖြတ် တောက်မှုများကြောင့် ပုံမှန်ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ဒေသခံများသည် ဆက် သွယ်ရေးအတွက် Starlink အင်တာနက်ကိုသာ အဓိကအားထား အသုံးပြုနေကြရသည်။

ဒေသခံများသည် အင်တာနက်ကို သတင်းအချက်အလက် ရယူရန်၊ မိသားစုဝင်များနှင့် ဆက်သွယ်ရန်၊ စီးပွား ရေး၊ အလုပ်အကိုင်နှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ရန်အတွက် အဓိက အသုံးပြုနေကြရခြင်း ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “အခု ကျမတို့ သုံးတဲ့ ဒေတာ တနာရီကို ၅၀၀ ကျပ်ပေါ့ အပြောင်းအလဲတော့မရှိသေးဘူး။ အင်တာနက်က အမြဲတမ်းလည်း မသုံးနိုင်ဘူးပေါ့ အရေးကြီးတဲ့ချိန် ဆက်သွယ်ဖို့လောက်ပဲသုံးတယ်။ အရင်ကတော့ တလလုံးကိုမှ ကျပ် ၄၀,၀၀၀ - ၅၀,၀၀၀ ကျ တယ်။ ခုကျတော့ တနာရီစာလောက်ပဲ ဝယ်တာများတယ်။ မူဝါဒ အပြောင်းအလဲကြောင့်ဆိုပြီး ဆိုင်တွေဖက် ကလည်း ၁ နာရီ - ၂ နာရီ၊ တစ်ရက်စာ အဲ့လိုပဲ ရောင်းတော့တယ်။ GB နဲ့သုံးရရင်တော့ သုံးရင်သုံးသလောက် ပိုက်ဆံ ပိုကုန်သွားမှာပေါ့နော” ဟု ပြောသည်။

ဒေတာကို GB အလိုက် ရောင်းချနေသည့် ဆိုင်အချို့တွင် ဩဂုတ်လ ၁၂ ရက်နေ့မှစ၍ 1 GB လျှင် ၁,၀၀၀ ကျပ်၊ 2 GB လျှင် ၂,၀၀၀ ကျပ်ဖြင့် ပြောင်းလဲရောင်းချနေသော်လည်း ဆိုင်အများစုမှာမူ ယခင်အတိုင်း ၁ နာရီလျှင် ၅၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ရောင်းချပေးနေဆဲ ဖြစ်သည်။

August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...