ပုသိမ်အကျဥ်းထောင်၌ ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ ၄၀၀ ကျော်အထိရှိလာ

ပုသိမ်အကျဥ်းထောင်၌ ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ ၄၀၀ ကျော်အထိရှိလာ

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ ၄၀၀ ကျော်အထိရှိလာကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါရိုဟင်ဂျာများသည် ရခိုင်ပြည်နယ် ကျောက်တော်၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်၊ မောင်တောစသည့်မြို့များမှ ဧရာဝတီတိုင်းအတွင်းသို့ ရေကြောင်းဖြင့်ဝင်ရောက်လာစဥ် စစ်ကောင်စီတပ် ၏ ဖမ်းဆီးမှုကိုခံခဲ့ရသူများ ဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံများမှ မှတ်ပုံတင်ရေး အက်ဥပဒေဖြင့် တရားစွဲကာ ထောင်ဒဏ် နှစ်နှစ်မှငါးနှစ်အထိ အသီးသီးချမှတ်ထားခြင်းဖြစ်သည်ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ပုသိမ်ထောင်မှာတော့ များသောအားဖြင့် ထောင်ဒဏ်နှစ်နှစ်စီကျနေတဲ့ ရိုဟင်ဂျာတွေများတယ်။ လက်ရှိ ရှိနေတဲ့ ရိုဟင်ဂျာတွေအကုန်လုံးက အာဏာသိမ်းပြီးမှ အဖမ်းခံထားရတဲ့ လူတွေပါ။ အဖမ်းခံထားရတာ အမျိုးသမီးတွေများတယ်”ဟု ၎င်းကဆိုသည်။

ရိုဟင်ဂျာများ ရေကြောင်းဖြင့်ဝင်ရောက်လာစဥ် လမ်းပြအဖြစ်လိုက်ပါလာသည့် ရခိုင်တိုင်းရင်းသားအချို့ ကိုလည်း လူကုန်ကူးမှုဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် ၁၇ လစီချမှတ်ထားသည်ဟု ၎င်းကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသည့်ရိုဟင်ဂျာများကို နေရပ်သို့ပြန်လည်ပို့ဆောင်ခြင်းမပြု လုပ်ဘဲ ပုဒ်မအမျိုးမျိုးတပ်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းများပြုလုပ်နေခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအနက်မှ အသက်မပြည့်သူများကို လူငယ်ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်နေသည် ဟု ဧရာဝတီတိုင်းအတွင်းမှ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် ဝင်ပေါက်၊ ထွက်ပေါက် နေရာများ အားလုံးတွင် စစ်ကောင်စီတပ်မှ တပ်စွဲထားကြသည်။

ထိုသို့ စစ်ကောင်စီတပ်များ ပိတ်ဆို့ထားသည့်ကြားမှ ရိုဟင်ဂျာများမကြာခဏ ဝင်ရောက်လာသည်မှာ ပွဲစားများနှင့် စစ်ကောင်စီတပ်သားများချိတ်ဆက်ကာ ဝင်ခွင့်ပေးနေခြင်းဖြစ်နိုင်သည်ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာဦးရေ ၁,၀၀၀ ခန့် ကို စစ်ကောင်စီတပ်များမှဖမ်းဆီးထားသည်ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန်ပေါင်းအဖွဲ့ ပူးတွဲတည် ထောင်သူ ရိုနေဆန်းလွင်ကလည်း မှတ်ချက်ပြုထားသည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။စောဖေ

June 24, 2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် မြန်မာနိုင်ငံရှိ ကျောင်းနေအရွယ် ကလေးငယ် ၆ ဒသမ ၃...
June 23, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို စစ်အုပ်စုတပ်က စစ်ကြောင်းထိုးနေ၍...
June 22, 2026
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မိုးများပြီး ဥရုချောင်းရေများတိုးကာ မြို့ထဲရပ်ကွက်များအထိ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...