ကျောက်တော်တွင် အသက်ရှူကျပ်ပြီးအဆိပ်သင့်လက္ခာဏာဖြင့် မြိုလူမျိုးမိသားစုဝင် ၆ ဦးသေဆုံး

ကျောက်တော်တွင် အသက်ရှူကျပ်ပြီးအဆိပ်သင့်လက္ခာဏာဖြင့် မြိုလူမျိုးမိသားစုဝင် ၆ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ သက်ထင်ကျေးရွာမှ မြိုတိုင်းရင်းသား မိသားစုဝင် ၆ ဦးသည် အော့အန်ပြီး အသက်ရှူကျပ်ကာ အဆိပ်သင့်သည့်လက္ခာဏာများဖြင့် တစ်ဦးပြီးတစ်ဦး ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ သက်ထင်ကျေးရွာနေ ဦးသောကြာအောင် (၅၄)နှစ်၊ဇနီးသည် ဒေါ်ခိုင်သန်းနု (၅၄) နှစ်၊ သမီးကြီးမစန္ဒာဝင်း (၂၇) နှစ်၊ သမီးလတ် မစိုးသန်း(၂၃) နှစ်၊ သားငယ် မောင်ကျော်ငြိမ်းထွန်း (၁၃) နှစ်နှင့် ဒေါ်အောင်မ (၆၈) နှစ် တို့ဖြစ်ကြသည်။

ကျောက်တော်ဆေးရုံမှတာဝန်ရှိသူတစ်ဦးက “ဆေးရုံလာတက်သူအားလုံး ဆုံးသွားပါပြီ။ ရွာမှာတစ်ယောက်ကတော့ မနေ့ကနေ ဆုံးတယ်။ ဆေးရုံ လာတဲ့သူ ၅ ယောက်ကတော့ မနေ့ကနဲ့ ဒီကနေ့မနက်မှာ ဆုံးသွားပါတယ်။ သူတို့က မှိုနဲ့ ပြောင်းဖူးစားခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒါကြောင့် အစာအဆိပ်သင့်ပြီးတော့ ဆုံးသွားတာလို့ ယူဆနိုင်ပါတယ်။ အတိအကျကိုတော့ ကျနော်တို့ အစာအိမ်က အရည်ကို ဓာတ်ခွဲစစ်ဆေးဖို့ ရန်ကုန်ကိုပို့ဖို့စီစဉ်နေပါတယ်”ဟု ပြောသည်။

၎င်းတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် ညနေက သက်ထင်ရွာ အနီးက အခြားရွာတစ်ရွာမှ ပြောင်းဖူးဝယ်ကာ စားပြီးသည့်နောက်တွင် ညနေပိုင်းတွင် မိသားစုဝင်များ အသက်ရှူကျပ်လာ၍ ကျောက်တော်ဆေးရုံသို့ သွားရာလမ်းတွင်ရှိသည့် ဝဲကြီးထောင့်တိုက်နယ်ဆေးရုံ၌ ခေတ္တကုသခဲ့စဉ် ည ၁၁ နာရီခန့်တွင် သမီးကြီးဖြစ်သူ မစန္ဒာဝင်းသည် ၎င်းဆေးရုံ၌ပင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

ထို့နောက်တွင် အခြားကျန်ရှိသူများကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ယင်းဆေးရုံ၌ အောက်ဆီဂျင်ပေးကာ ကုသမှုများ ပြုလုပ်ခဲ့သော်လည်း နောက်ထပ် ၃ ဦးဖြစ်ကြသည့် ဒေါ်ခိုင်သန်းနု၊ မစိုးသန်းနှင့် မောင်ကျော်ငြိမ်းထွန်းတို့မှာ တစ်ယောက် နာရီဝက်စီခြားကာ သေဆုံးသွားခဲ့သည်ဟု ၎င်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နောက်ထပ် ကျန်နေခဲ့သူ နှစ်ဦးဖြစ်ကြသည့် ဒေါ်အောင်မမှာ ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် ည ၁၂ နာရီကျော်ခန့်တွင် သေဆုံးသွားပြီး ဦးသောကြာအောင်မှာ ယနေ့နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၆ နာရီခန့်တွင် သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

၎င်းတို့နှင့်နီးစပ်သူတစ်ဦးက "အခုအချိန်မှာတော့ ရဲနဲ့ဆရာဝန်တွေက စစ်ဆေး နေကြပါတယ်။ ဘာကြောင့်ဖြစ်သွားရလဲဆိုတာမသိရသေးပါဘူး။ မိသားစုဝင် အားလုံးကတော့ သေဆုံးသွားပါပြီ" ဟုပြောသည်။

၎င်းပြင် အိမ်၌မွေးစားထားသည့် အိမ်မွေးခွေးတစ်ကောင်မှာလည်း သေဆုံးသွားကြောင်းသိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...