ရခိုင်မှ အစည်ကားဆုံးဆံတော်ရှင်ဘုရားပွဲတော် ဒေသလုံခြုံရေးအခြေနေကြောင့် ယခုနှစ်တွင် ကျင်းပရန်အစီအစဉ်မရှိဟုဆို

ရခိုင်မှ အစည်ကားဆုံးဆံတော်ရှင်ဘုရားပွဲတော် ဒေသလုံခြုံရေးအခြေနေကြောင့် ယခုနှစ်တွင် ကျင်းပရန်အစီအစဉ်မရှိဟုဆို
ယခင်နှစ်ပုံဟောင်း
ယခင်နှစ်ပုံဟောင်း

လူပေါင်းသိန်းနှင့်ချီဆင်နွှဲကြသည့် အစည်ကားဆုံး ရခိုင်မှ သမိုင်းဝင်ဆံတော်ရှင်ဘုရားပွဲကို ယခုနှစ်တွင် ဒေသလုံခြုံရေးအခြေအနေအရ ကျင်းပရန်အစီအစဥ်မရှိဟု ဂေါပကအဖွဲ့က ပြောသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဆံတော်ရှင်ဘုရားပွဲတော်ကို နှစ်စဉ် နတ်တော်လဆန်း ၇ ရက်မှစပြီး လပြည့်ကျော် ၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ဒေသလုံခြုံရေး အခြေအနေကြောင့် ကျင်းပရန်အစီအစဥ်မရှိဟု ဆံတော်ရှင်ဘုရား ဂေါပကအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိန်းက နိရဥ္စရာကို ပြောသည်။

"ကာလဒေသအားလျော်စွာ ကျနော်တို့က ပွဲကျဖို့အခြေအနေမရှိဘူးဖြစ်နေပါတယ်။ ကာလဒေသဆိုတာက ကျနော်တို့ မြို့နယ်အတိုင်းအတာအရတော့ သွားကြဖို့ အခြေအနေမရှိတဲ့ အတွက်ပါ။ အဓိက ကျနော်တို့က ဒီဘုရားပွဲမှာက လုံခြုံရေးက အရေးကြီးတော့ ပွဲလာသူတွေ  အတွက် လုံခြုံရေးကိုလည်း ထည့်စဥ်းစားရတာကိုး"ဟု ပြောသည်။

ပေါက်တောမြို့နယ်သည် မြန်မာစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား စစ်ရေးပဋိပက္ခများနှင့် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးကို ဖြတ်တောက်ထားသဖြင့် သွားရေးလာရေးလည်း အခက်အခဲများရှိနေကြောင်း သိရသည်။



ယခင်နှစ်ပုံဟောင်း

ဒေသခံတစ်ဦးက “လက်ရှိ ပေါက်တော-စစ်တွေ၊ ပေါက်တော-မင်းပြားစတဲ့ ရေလမ်းကြောင်းတွေ သွားလာခွင့်ကို စစ်တပ်က ပိတ်ထားတယ်။  ကုန်းလမ်းကိုလည်း နည်းနည်းပါးပါးဖွင့်ပေးပေမဲ့ တင်းတင်းကျပ်ကျပ် စစ်ဆေးတော့ သွားရေးလာရေးလည်း အဆင်မပြေဘူး။ လုံခြုံရေးကလည်း စိုးရိမ်ရတယ်။ ခုလိုလမ်းတွေပိတ်ထားတဲ့ အတွက် စားနပ်ရိက္ခာတွေလည်း စျေးအဆမတန်မြင့်တက်နေတော့ လူတွေက အခက်အခဲ အများကြီးဖြစ်နေတယ်။ ပွဲချရင်လည်း ဘယ်သူမှ သွားကြမယ် မထင်ဘူး” ဟု  ပြောသည်။

ယင်းအပြင် ယခင်နှစ်ကလည်း ဆံတော်ရှင်ဘုရားပွဲကျင်းပနေစဥ် တောင်ကျော်လမ်းကို ပြုပြင်ရာ၌ စစ်ကောင်စီတပ်သားများ ဝင်ရောက်ခြေရှုပ်ခဲ့မှုကြောင့် ပွဲတော်စည်ကားခြင်း မရှိခဲ့သလို ပွဲလာပရိသတ်များ လာရောက်မှု အလွန်နည်းပါးခဲ့သည့်အတွက် စျေးဆိုင် ရောင်းချသူများလည်း အရှုံးပေါ်ခဲ့ရသည်ဟု သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်က  ရခိုင်ဒေသခံများ လူနေမှုဘဝ အဆင်မပြေမှုများဖြစ်အောင် ရေလမ်း ကုန်လမ်းများကို ပိတ်ဆို့မှုများကို ဖန်တီးလုပ်ဆောင်နေပြီး မထင်ရင် မထင်သလို ဒေသခံများကို ဖမ်းဆီးကာ ညှဉ်းပမ်းနှိပ်စက် လူ့အခွင့်အရေးချိုးဖောက်နေမှုတို့ကြောင့် ဘုရားပွဲတော်ကိုမကျင်းပနိုင်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ လူ့အခွင့်အရေး လှုပ်ရှားနေသူတစ်ဦးက  ပြောကြသည်။

"ဒီပွဲက ရခိုင်မှာ အရမ်းနာမည်ကြီးပြီး အတော်စည်ကားတဲ့ပွဲဖြစ်ပါတယ်။ ဒါကို စစ်တပ်က အဘက်ဘက်က ပိတ်ဆို့ပြီး မသွားရ၊ မလာရ၊ နည်းအမျိုးမျိုးနဲ့ ဒေသခံတွေအပေါ် ညစ်ပတ်နေထားတော့  ဒီဘုရားပွဲပျက်ရတာပေါ့"ဟု ပြောသည်။

ပွဲတော်မကျင်းပသော်လည်း မြို့နယ်သံဃာ့နာယကဆရာတော်ကြီးများနှင့်ညှိနှိုင်းကာ နှစ်စဥ်ပြုလုပ်နေကျဖြစ်သည့် နတ်တော်လမပြည့်မီ စေတီတော်ကိုရောင်တော်ဖွင့်ပြီး ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ပူဇော်သွားကြရန်စီစဥ်နေသည်ဟုလည်း ဂေါပကအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိန်းက နိရဥ္စရာကို ပြောသည်။

ဆံတော်ရှင်စေတီသည် ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခေါ်) မြေငူကျွန်းပေါ်ရှိ နိလာပဗ္ဗတတောင်ပေါ်တွင်တည်ရှိပြီး ဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာ ထည့်သွင်းတည်ထားသည့် စေတီတစ်ဆူဖြစ်ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများ အရ သိရသည်။

အဆိုပါဘုရားပွဲကို နှစ်စဥ်ကျင်းပတတ်သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ကိုဗစ်ကပ်ရောဂါနှင့် ရခိုင်တွင်ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခတို့ကြောင့် ပွဲတော်ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်ပြန်လည်ကျင်းပခဲ့သော်လည်း တောင်ကျော်လမ်းတစ်လျှောက်နှင့် ပွဲဧရိယာတို့တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်နေရာယူခဲ့ကြသည့်အတွက် ပွဲတော်သို့ လူအရောက်အပေါက်နည်းကာ စည်ကားခြင်းမရှိခဲ့ဟု ကိုယ်တိုင် သွားရောက်ခဲ့သူများက ပြောသည်။

Most read this week

December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...