ပလက်ဝတွင် ရာအိမ်မှူးတစ်ဦးနှင့် ဒေသခံတစ်ဦးတို့ ၅၀၅(က)ဖြင့် ထောင် ၃ နှစ်စီချမှတ်ခံရ

ပလက်ဝတွင် ရာအိမ်မှူးတစ်ဦးနှင့် ဒေသခံတစ်ဦးတို့ ၅၀၅(က)ဖြင့် ထောင် ၃ နှစ်စီချမှတ်ခံရ

စစ်ကောင်စီက နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ရာအိမ်မှူးတစ်ဦးနှင့် ဒေသခံတစ်ဦးတို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်က ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ်ချမှတ်ခံလိုက်ရသူနှစ်ဦးမှာ ရခိုင်အမျိုးသားများဖြစ်ကြသည့် အသက် (၆၀) ကျော်အရွယ် ပလက်ဝမြို့မရပ်ကွက် ရာအိမ်မှူးဦးမောင်ဝင်းနှင့် အသက် (၅၇) နှစ်အရွယ် ဦးမောင်မဲကျော့တို့ဖြစ်ကြသည်။

၎င်းတို့အားပြီးခဲ့သည့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်က ပလက်ဝမြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ခြင်းဖြစ်ကာ လက်ရှိတွင် ပလက်ဝမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

၎င်းတို့အနက် ဦးမောင်မဲကျော့သည်  ဖမ်းဆီးစစ်ဆေးခံရစဉ်ရာဒဏ်များကြောင့် နေမကောင်းဖြစ်နေပြီး အချုပ်ထဲတွင် ဆေးကုသခွင့်လည်းမရသဖြင့် မိသားစုဝင်များမှာ လွန်စွာစိုးရိမ်နေရကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးကပြောသည်။

"ထောင်ချလိုက်ပြီဆိုတော့ မိသားစုတွေနဲ့လည်းတွေ့ခွင့်မရတော့ဘူး။ ဒါကြောင့်ပိုပြီး စိတ်ပူနေတယ်။ ဆေးတွေဘာတွေကုပေးချင်တယ်။ ဒီအတိုင်းအချုပ်ထဲမှာ သေသွားမှာကို စိတ်ပူပါတယ်။ သေသွားမှာကိုကြောက်ပါတယ်၊ အသက်ကြီးပိုင်း တစ်ယောက်လည်း ဖြစ်နေတာနဲ့ နေရာတာက အုတ်နံရံကြားမှာပါ။ သူတို့ချလိုက်ကြရင် ဒီကလည်း ဘာမှမတတ်နိုင်တော့ဘူးလေ။ အသက်ရှင်လျက် ကိုယ့်တို့ဆီကို ပြန်ရောက်ဖို့ မျှော်လင့်နေရာတာပါပဲ။ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပါလာရင်လည်း ကောင်းမယ်" ဟုပြောသည်။

၎င်းတို့နှစ်ဦးသည် ပလက်ဝတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြပြီး ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်မှုမရှိကြောင်း မိသားစုဝင်များကပြောသည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် ဇွန်လအစောပိုင်းက ၎င်းတို့နေအိမ်မှ စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့အား ဖမ်းဆီးစစ်ဆေးခဲ့သည့် ခလရ ၂၈၉ တပ်ရင်းတွင် ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်မှုရှိ၊ မရှိကို မေးမြန်း စစ်ဆေးခဲ့ပြီးနောက်တွင် နိုင်ငံတော် အပြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် စစ်တပ်ဘက်မှ တရားလို ပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပလက်ဝတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်ကလည်း သက်ကြီးပိုင်းဒေသခံ တစ်ဦးဖြစ်သည့် ဦးချစ်စံကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် ထောင်သုံးနှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

လက်ရှိပလက်ဝတွင် ရက္ခိုင့်တပ်တော်(အေအေ)နှင့် ဆက်စပ်သည်ဟုဆိုကာ ပညာရေးဝန်ထမ်းများ အပါအဝင် ဒေသခံအများအပြားကို ဖမ်းဆီးစစ်ဆေးနေပြီး ယင်းထဲမှတချို့ကိုလည်း မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲအမှု ဖွင့်ထားကြောင်း သိရသည်။

Most read this week

December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...