ဒဏ်ရာပြင်းထန်သော ပျောက်ကြား ဆိုသူများ ရဲစခန်းတွင် ဆေးကုခွင့်မရ

ဒဏ်ရာပြင်းထန်သော ပျောက်ကြား ဆိုသူများ ရဲစခန်းတွင် ဆေးကုခွင့်မရ

မအူပင်မြို့ပြ ပြောက်ကျား အဖွဲ့ဝင် ၅ ဦးဟု စွပ်စွဲကာ ဧရာဝတီတိုင်း၊ မအူပင်မြို့မ ရဲစခန်းတွင် ဖမ်းဆီးခံထားရသူများ စစ်ကြောရေး၌ နှိပ်စက်ခံထားရသည့် ပြင်းထန်ဒဏ်ရာများ ရရှိထားသော်လည်း ဆေးကုသခွင့် မရဟု မိသားစု နှင့် နီးစပ်သူများက ပြောသည်။

အဖမ်းခံရသည့် မိသားစုနှင့် နီးစပ်သူ တစ်ဦးက “ရဲစခန်းအချုပ်ကို ရောက်နေတာ တပတ်ကျော်နေပြီ။ ရိုက်နှက် ခံထားရတဲ့ ဒဏ်ရာတွေကို ဆေးကုပေးဖို့ ပြော တာ လုပ်မပေးသေးဘူး” ဟု ပြောသည်။

စွပ်စွဲဖမ်းဆီးခံထားရသည့် မအူပင်မြို့က မြို့ပြပြောက်ကျား ဆိုသူ ၅ ဦး အနက် ရိုက်နှက် စစ်ဆေးခံထားရသော ကြောင့် ၃ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိထားပြီး မအူပင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရာမှမအူပင်မြို့မ ရဲစခန်းသို့ နိုဝင်ဘာလ ၉ ရက်နေ့က ပြောင်းရွေ့ ခံလိုက်ရသည်ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ဆေးကုခွင့် မရသေးခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြင်းထန် ဒဏ်ရာများ ရရှိထားသူ ၃ ဦး အနက် စိုင်းနောင် (ခ) လက်ယာ ဆိုသူ၏ ခြေသလုံးတွင် သံခြေကျင်း ခတ်ထားသည့် ဒဏ်ရာနှင့် သံတုတ်ဖြင့် ရိုက်နှက်ထားသည့် ဒဏ်ရာများက ပြည်တည်ကာ ပုပ်နံ့ပင်ထွက်နေသည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အချို့က ပြောသည်။

ရန်ကုန် စစ်ကြောရေးတွင် နှိပ်စက်ခံရသည့်အပြင် မအူပင်စစ်တပ် နှင့် ရဲများက ထပ်မံနှိပ်စက်စစ်ဆေးသဖြင့် ထပ်မံ ရရှိသော ပြင်းထန် ဒဏ်ရာများကို မအူပင်မြို့ ဆေးရုံကြီးမှာ ဆေးကုသ ပြီးနောက် ဒဏ်ရာများ မပျောက် ခင် ရဲစခန်းကို ရွှေ့ပြောင်းကာ ချုပ်နှောင်ချိန်ကစတင်ပြီး ဆေးကုသခွင့် မရတော့ခြင်း ဖြစ်သည်ဟု ပြောသည်။

“ဖမ်းဆီးခံရတုန်းက စစ်ကြောရေးမှာလည်း နှိပ်စက်ခံရတယ်။ မအူပင်တပ်ကလည်း ထပ်နှိပ်စက်တယ်။တကိုယ်လုံးမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေက မပျောက်သေးဘူး” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ၎င်းတို့ ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားသည် ဟုဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

အမှုဖွင့် တရားစွဲခံရသူများကို ထောင်အချုပ်သား အဖြစ် ထောင်က လက်ခံရာတွင် အကြောင်း အမျိုးမျိုးကြောင့် ပြင်းထန်ဒဏ်ရာ ရရှိထားသူများ ထောင်ပြင်ပတွင် ဆေးကုသမှုခံပြီး အသက်အန္တရယ် မရှိနိုင်သည့် အခြေအနေ မျိုးမှသာ လက်ခံလေ့ရှိသည်ဟု အကျဉ်းဦးစီးဌာန အရာရှိဟောင်း တစ်ဦး ကပြောသည်။

မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များဟု စွပ်စွဲ ဖမ်းဆီးခံထားရသည့် စိုင်းနောင်(ခ) လက်ယာ၊ မျိုးမင်းဦး၊ ဝေဖြိုး အောင်၊ သူရဦး နှင့် ငြိမ်းချမ်းအောင်တို့ကို ရန်ကုန်တိုင်း အလုံမြို့နယ် အတွင်း စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့ တိုက်ခိုက် ဖမ်းဆီးရာ စက်တင်ဘာလ ပထမပတ်အတွင်းက ဖမ်းခံခဲ့ရသည်ဟု စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာန များက ထုတ်ပြန်ထားသည်။

July 13, 2026
မကွေးတိုင်း၊ ချောက်မြို့နယ်၊ တောင်သာကျေးရွာနှင့် စမ်းစုကျေးရွာကြားတွင် စစ်တပ်နှင့်...
July 11, 2026
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ (၂၄) မှ စစ်အုပ်စုတပ်သား အင်အား ၆၀၀ ကျော်သည် ရိက္ခာနှင့် လက်နက်...
July 11, 2026
သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရသော ရခိုင်ပြည်အတွင်းသို့ စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ...
July 10, 2026
ရခိုင်ပြည် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်ပေါင်းစုံ၌ ရေကြီးရေလျှံမှုများ...