ပျူစောထီး ပစ်သတ်ခံရပြီး ဒေသခံ ၃၅ ဦး ဖမ်းခံရ

ပျူစောထီး ပစ်သတ်ခံရပြီး ဒေသခံ ၃၅ ဦး ဖမ်းခံရ

ပျူစောထီး ခေါင်းဆောင် ပစ်ခတ်ခံရပြီးနောက် ၃ ရက်အတွင်း ဧရာဝတီတိုင်း၊ ကျိုက်လတ်က ဒေသခံ ၃၅ ဦး အဖမ်း ခံ လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ကျိုက်လတ်မြို့၊ ၁၉ လမ်းက စစ်ကောင်စီ၏ ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင် ခေါလေး ဆိုသူ သေနတ်ဖြင့် အပစ်ခံရပြီးနောက် ၃ ရက်အတွင်း ဒေသခံ ၃၅ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်း ဖြစ်သည်။

“ပစ်ခတ်မှု ဖြစ်တဲ့ညက ချက်ခြင်းကြီး ဧည့်စာရင်းတွေ စစ်ပြီး ဖမ်းတာရှိသလို လမ်းသွားလမ်းလာတွေ အဖမ်းခံ ရတာလည်း ရှိတယ်။ မြို့မရပ်ကွက်က NLD ဝန်းရံသူတွေလည်း သူတွေလည်း အဖမ်းခံရတယ်” ဟု ကျိုက်လတ် မြို့ခံတစ်ဦး က ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့၊ ည (၈) နာရီအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်များ က ပစ်ခတ်မှု ဖြစ်ပွားသည့် နေ့တွင် နေ့ပိုင်းရော၊ ညပိုင်းအပြင် နောက်တနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းအထိ လမ်းသွား လမ်းလာများကို ပိတ်ဆို့စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေနတ်ဖြင့် အပစ်ခံရသည့် ပျူစောထီး ခေါင်းဆောင်၊ စစ်ကောင်စီ သတင်းပေး ခေါလေး ဆိုသူမှာကျိုက်လတ် မြို့ ၂၃ လမ်းရှိ စည်းစိမ်ရှင် စားသောက်ဆိုင်အနီးတွင် ပစ်ခတ်ခဲ့ရပြီး ကျည်ကာအင်္ကျီဝတ်ထားသည့် အတွက် ရင်ဘတ်တွင် ညိုမဲ သေနတ်ဒဏ်ရာ ၂ ချက် အပြင် ပေါင်နှင့် လက်မောင်းတို့တွင်လည်း သေနတ်ဒဏ်ရာ တစ် ချက်စီ ရသွားသည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ အချို့ကပြောသည်။

ပျူစောထီး ခေါင်းဆောင် ခေါလေး ဆိုသူမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ စည်းရုံးရေးမှူး တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးရဲမင်း၏ လက်စွဲတော် ဖြစ်သည်ဟု ဆိုသည်။ ခေါလေးဆိုသူသည် ကျည်ကာ အင်္ကျီဝတ်ပြီး သေနတ်တပြပြဖြင့် ဒေသခံများ အပေါ် ရမ်းကား နေသည့် စစ်ကောင်စီ သတင်းပေး ဒလန်တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ဆက်ပြောသည်။

“အပစ်ခံရတဲ့ ခေါလေးက ကျည်ကာ အင်္ကျီ ဝတ်ထားတော့ ရင်ဘတ်ကို ၂ချက် ထိသွားတာ မသေဘူး။ ကြောက် လန့်ပြီး သတိမေ့သွားတာ ပေါင်နဲ့ လက်မောင်းကို တစ်ချက်စီ ထိသွားတယ်။ လောလောဆယ် ဆေးရုံမှာ အ တွင်းလူနာအဖြစ် ကုနေတယ်” ဟု ဒေသခံ တစ်ဦး ကပြောသည်။

ပျူစောထီး ခေါင်းဆောင် ခေါလေး ၏ သတင်းပေးမှုကြောင့် ကျိုက်လတ် ဒေသခံ အများစု ဖမ်းဆီးခံခဲ့ရမှုများ ရှိခဲ့ပြီး ကျိုက်လတ်မြို့နယ် အတွင်းက ရေယာဉ်များကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက် ငွေတောင်းနေသည့် အပြင် ဒေသခံများအား ဖမ်းဆီးငွေညှစ်မှုများလည်း လုပ်သည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီ မြို့ပြ စစ်ဆင်ရေး တာဝန်ခံက ပြောသည်။

ဧရာဝတီ စစ်ဒေသခွဲ၏ နန်းထိုက်အောင် စစ်ဆင်ရေး တစ်ခုအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု နိုဝင်ဘာ ၁၁ ရက် နေ့ က ဧရာဝတီမြို့ပြ စစ်ဆင်ရေး တာဝန်ခံ က သတင်းထုတ်ပြန်သည်။

ပျူစောထီး ခေါင်းဆောင် သတင်းပေး ခေါလေး ဆိုသူကဲ့သို့ စစ်ကောင်စီ အလိုကျ လုပ်ဆောင်နေပြီး လူထုကို အနိုင်ကျင့် ဖိနှိပ်နေသူများနှင့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများကိုလည်း ဧရာဝတီတိုင်း၏ မြို့ပြစစ် ဆင်ရေး အဖြစ် အရှိန်အဟုန်မြှင့် ဆက်လက်တိုက်ခိုက်သွားမည် ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ရေးသား ဖော်ပြထားသည်။

April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...