ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၃ ၏ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)တပ်ရင်းနှစ်ရင်းပူးပေါင်း၍ စစ်ကောင်စီ၏ အခြေစိုက်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိကြောင်း ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် KNU ဘက်က သတင်းထုတ်ပြန်လာသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က KNLA တပ်ရင်း ၉ နှင့် တပ်ရင်း (၇) တို့ ပူးပေါင်း၍ တပ်ရင်း (၇) နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ သံဆိပ်စခန်း၊ တပ်ရင်း (၉) နယ်မြေအတွင်းရှိ ဘောကထာနှင့် တုံးတံတား စခန်းတို့အား တစ်ရက်အတွင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက်ကြီးလက်နက်ငယ်များနှင့် ဆက်စပ်ပစ္စည်းရာနှင့်ချီ၍ သိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်ထားခြင်းဖြစ်သည်။
တစ်ရက်တာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်စခန်းများမှ MA အမျိုးစားသေနတ် (၈) လက်၊ ကျည်ဆံ (၃၀၇၀) တောင့်၊ 9mm (၂) လက်၊ 81mm (၁) လက်၊ 81mm ကျည် (၆၈) လုံး၊ 60mm အရှည် (၁) လက်၊ 60mm အတို (၄) လက်၊ 60mm ကျည် (၁၁၃)လုံး၊ RPG-7 (၁) လက်၊ RPG-7 ကျည် (၇၇)လုံး၊ လက်ပစ်ဗုံး (၂၈) လုံး၊ Short Gun (၁) လက်၊ Short Gun ကျည် (၈၈)တောင့်၊ M14 ခြေနင်းမိုင်း (၁၀)လုံး၊ တိုက်မိုင်း (၁၀)လုံး၊ ကျည်ဘောက် (၂၇) ခုနှင့် မိုင်းရှာစက် (၁) ခု စသည့် လက်နက်ခဲယမ်းများကို သိမ်းဆည်း ရမိကြောင်း ဖော်ပြထားသည်။
ထိုသို့ စခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှုဖြင့် အကြိမ် (၂၀)ခန့် ပြန်လည်တုန့်ပြန်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ လက်နက်ခဲယမ်း ပစ္စည်းအားလုံး မသိမ်းဆည်းနိုင်ခဲ့ကြောင်း နှင့် စစ်ကောင်စီဘက်မှ ၁၁ ဦး သေဆုံးသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်အချက်အလက်ကိုမှု စိစစ်နေဆဲဖြစ်သည်ဟု ဆိုသည်။

အလားတူ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင်းဖြင့် (၁၀) ကြိမ်ခန့် ကျေးရွာများအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာလ (၁၃) ရက်နေ့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ ခြင်းကြောင့် ဒေသခံလူထုများ ထိခိုက်ဒဏ်ရာရရှိမှု ရှိသလို လူနေအိမ်အဆောက်အဦး တချို့လည်း ထိခိုက် ပျက်စီးခဲ့ကြောင်း KNU က ဆိုသည်။
စစ်ကောင်စီတပ်၏ နှစ်ရက်တာ လေကြောင်းပြန်လည် တုန့်ပြန်တိုက်ခိုက်မှုကြောင့် ကေအဲန်ယူ၊ တပ်မဟာ (၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာအုပ်စု (၃) အုပ်စုမှ ကျေးရွာပေါင်း (၁၈) ရွာရှိ ပြည်သူလူထုပေါင်း နှစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများလိုအပ်နေကြောင်း သိရသည်။
အဆိုပါ တပ်စခန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်မူ ကေအိုင်စီ အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်မှလည်း တရားဝင် ဖော်ပြခြင်းမရှိ သေးကြောင်း တွေ့ရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေတွင် မြေပြင်တိုက်ပွဲပေါင်း (၃၈၂) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၄၈၀) ဦးခန့်သေဆုံးပြီး (၂၂၀) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုနှစ် ဧပြီလမှစ၍ တိုက်ခိုက်ရေးသုံး Drone များဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း (၆၄) ကြိမ်ပြုလုပ်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၀) ဦးသေဆုံးခဲ့ပြီး (၄၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီ၏ တပ်စခန်း (၇)ခုကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကေအဲန်ယူဘက်က ဖော်ပြထားသည်။







