ထွက်ပြေးလာသည့် ကျောင်းသူ/သားများအတွက် ပညာရေးနစ်နာမှု မရှိရန် ဆောင်ရွက်ပေးစေလို

ထွက်ပြေးလာသည့် ကျောင်းသူ/သားများအတွက် ပညာရေးနစ်နာမှု မရှိရန် ဆောင်ရွက်ပေးစေလို
by -
မဇ္ဈိမ
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်များက စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် မိသားစုများတွင်ပါရှိသည့် ကျောင်းသား/သူများအတွက် ပညာရေးနစ်နာဆုံးရှုံးမှုများ မရှိစေရေးနှင့် လက်ရှိမှာ ပညာသင်ကြားနိုင်ရေးအတွက်  ပညာရေးဌာနမှ အမြန်ဆုံးတာဝန်ယူ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။

“အခုလက်ရှိရောက်ရှိနေကြတယ့် ဒုက္ခသည်တွေအထဲမှာ ကျောင်းတက်နေတယ့် ၃ တန်း၊၄ တန်း၊ ၉ တန်း၊ ၁၀ တန်း ကလေးတွေအများကြီးပါတယ်။ ဒီမှာရောက်နေတဲ့ အချိန်ကာလပတ်လုံး သူတို့တွေရဲ့ ပညာရေးဟာ ဝေးကွာသွားမယ်။ အခုဖြစ်တဲ့ ပြဿနာကလဲ ဘယ်အချိန်အေးမလဲ မသိတဲ့အတွက် ဒီကလေးတွေရဲ့ ပညာရေးမထိခိုက်ရအောင် နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ပညာသင်ကြားလို့ရနေအောင်  ပညာရေးဌာနက အမြန်ဆုံးစီစဉ်ဆောင်ရွက် ပေးစေလို ပါတယ်။”ဟု စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသည့် ဦးအောင်ဌေးက RiA ကို ပြောသည်။

ARSA အကြမ်းဖက်သမားများက နယ်ခြားစောင့်ရဲလုံခြံုရေး ရဲကင်းစခန်းများကို အကြမ်းဖက် စီးနင်းတိုက်ခိုက်ပြီး ကျေးရွာနေအိမ်များကို မီးရှို့ဖျက်စီးမှုဖြစ်စဉ်များကြောင့် အကြမ်းဖက်ဒေသများတွင်   နေထိုင်သည့် တိုင်းရင်းသားများက အသက်အန္တရာယ်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြခြင်းဖြစ်သည်။

“ဒီတစ်နှစ်တာအတွင်း ကျောင်းမတက်လိုက်ရဘူးဆိုလို့ရှိရင် တစ်နှစ်တာအတွက် ကျွန်တော်ရည်မှန်းထားတဲ့ အရာတွေအားလုံး ပျက်စီးသွားမှာပါ။ မောင်တောဒေသက မတည်ငြိမ် မအေးချမ်းသေးဘူးဆိုတော့  ကျွန်တော်တို့က ဘယ်အချိန်မှ ကျောင်းတက်ရမှာလဲ။ စာမေးပွဲလည်း နီးနေပြီ။ ကျွန်တေ်ာက ဆယ်တန်းကျောင်းသားဆိုတော့ ဒီအချိန်က စာတွေဖတ်နေရမယ့်အချိန်။ အခုကျွန်တော်တို့ထွက် ပြေးလာရတာ စာအုပ်တွေတောင်မယူလာခဲ့ရဘူး။ စစ်တွေမှာ လက်ရှိကျွန်တော်တို့ ကျောင်းတက်နေလို့ရအောင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက စီစဉ်ဆောင်ရွက်ပေးစေချင်ပါတယ်။”ဟု မောင်တောမြို့ မောရဝတီကျေးရွာက ထွက်ပြေးတိမ်းရှောင်လာသည့် ဆယ်တန်းကျောင်းသား မောင်ဝင်းဘိုက ပြောသည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင် ရောက်ရှိလာကြသည့် ကျောင်းသား/သူများ ကို စာရင်းကောက်ယူပြီး ပညာသင်ကြားနိုင်ရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီစဉ်ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...