ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဟောင်းတစ်ဦး ထားဝယ်တွင် ပစ်သတ်ခံရ

ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဟောင်းတစ်ဦး ထားဝယ်တွင် ပစ်သတ်ခံရ

ထားဝယ်တွင် ပျူစောထီးခေါင်းဆောင် တစ်ဦး ဆိုသူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က ကိုယ်စားလှယ်ဟောင်း တစ်ဦး ပစ်သတ် ခံလိုက်ရသည် ဟု ဒေသခံများက ပြောသည်။

ထားဝယ်မြို့၊ အခွန်လွတ်ဈေးနှင့် ဘုရားကြီးလမ်းထောင့်အနီးတွင် သရက်ချောင်း မြို့နယ်က USDP ပါတီ၏ လွှတ် တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းထွေး အသက် ၄၀ နှစ်သည် နိုဝင်ဘာလ ၇ ရက်နေ့၊ နံနက် ၁၀ နာရီ ခန့်က သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

အသက် ၃၅ နှစ်အရွယ် မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက “ဒိုင်း ဒိုင်း ဒိုင်းဆိုပြီး သေနတ်နဲ့ လေးငါးချက်ဆင့် ပစ်သွားတာ။ သူ့ကားပေါ်မှာပဲ ပွဲချင်းပြီးတာ။ သိပ်မကြာဘူး ရဲ တွေ ရောက်လာပြီးအရေးပေါ်လူနာတင်ကားနဲ့ အလောင်းကို ဆေးရုံကိုသယ်သွားတယ်” ဟု ပြောသည်။

ဦးမင်းထွေးသည် ပျူစောထီးခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ဦးမင်းထွေးကို ဒေသအခေါ် ဘုရားကြီးလမ်းထောင့် ညောင်ပင်ကြီးအနီးတွင် သူ၏ ကားအတွင်း ထိုင်နေစဉ် ကား နံဘေးကို ဆိုင်ကယ်ဖြင့် လူ ၂ ဦး ကပ်လာပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရသဖြင့် ဦးခေါင်း၊ ရင်ဘတ်နှင့် လက်တို့တွင် ကျည်ထိမှန်ပြီးနောက် နေရာတွင်ပင် သေဆုံးသွား ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။

သေဆုံးခဲ့သူ ဦးမင်းထွေးသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သရက်ချောင်းမြို့နယ် အမှတ် - ၂ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် USDP ပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦး ဖြစ် ပြီး ရွေးကောက်ပွဲတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့သူဖြစ်သည်ဟု သရက်ချောင်းမြို့ခံများက ပြောသည်။

ဦးမင်းထွေးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေးရှိသူ တစ်ဦးဖြစ်ပြီး စစ်တပ်နှင့် ပေါင်းကာ မြေသိမ်းယာသိမ်းမှုများ ပြုလုပ်ကာ အကွက်ရိုက် ပြန်ရောင်းချခြင်းနှင့်စစ်အာဏာ ရှင်ဆန့်ကျင်ရေး သပိတ်တွင် ပါဝင်သူများကို အမျိုးမျိုးခြိမ်းခြောက်ခြင်း၊ သတင်းပေး ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်လေ့ရှိသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...