စစ်အုပ်စုကြောင့် ခြောက်လအတွင်း အမျိုးသမီး ၃၀၀ ကျော် သေဆုံး

စစ်အုပ်စုကြောင့် ခြောက်လအတွင်း အမျိုးသမီး ၃၀၀ ကျော် သေဆုံး

စစ်တပ်သည် အသွင်ပြောင်းအစိုးရအဖြစ် အရေခြုံထားသော်လည်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဆက်လက်ကျူးလွန်နေသဖြင့် အမျိုးသမီး ထိခိုက်သေဆုံးမှုများ မြင့်တက်နေဆဲဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး - ၂ မယဉ်မျိုးလှိုင်က “စစ်အုပ်စုရဲ့ အတု အယောင်ရွေးကောက်ပွဲ ပြီးနောက်မှာ နိုင်ငံထဲမှာ အမျိုးသမီး သေဆုံးမှုတွေက မလျော့သွားတဲ့အပြင် တိုးလာ တာတွေ တွေ့ရှိရတယ်။ ဒီလို အကြမ်းဖက်မှုတွေက ရပ်မသွားတဲ့အပြင် တိုးနေတယ်ဆိုတဲ့ ဟာကိုလည်း ကျမ တို့ မီးမှောင်းထိုးပြချင်တယ်” ဟု ပြောသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ခြောက်လတာကာလအတွင်း စစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၅၈ ဦးနှင့် ကိုယ်ဝန်ဆောင် ၁၀ ဦး အပါအဝင် အမျိုးသမီး ၃၃၂ ဦး အသက်ဆုံးရှုံးခဲ့ရသည်။

သေဆုံးသူများမှာ-

  • လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၂၄၂ ဦး၊
  • မတရားသတ်ဖြတ်ခံရမှုကြောင့် ၄၂ ဦး၊
  • လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၂၉ ဦး၊
  • မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၉ ဦး၊
  • ကျည်ထိမှန်မှုကြောင့် ၇ ဦး၊
  • မြေမြှုပ်မိုင်းကြောင့် ၁ ဦး၊
  • ဆေးကုသခွင့် မရရှိမှုကြောင့် ၁ ဦးနှင့်
  • ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁ ဦးတို့ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထိုအထဲတွင် စစ်ကိုင်းတိုင်းမှ ၁၀၂ ဦးဖြင့် အမျိုးသမီးအသက်ဆုံးရှုံးမှု အများဆုံး ဖြစ်ပွားခဲ့သည်။

မယဉ်မျိုးလှိုင်က “စစ်ကိုင်းတိုင်းမှာ သေဆုံးမှုက လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် အသက် ဆုံးရှုံးမှုတွေ ဖြစ်တယ်။ ဒါက စစ်အုပ်စုက အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ်ကို ပြောင်ပြောင်တင်းတင်းနဲ့ ဦးတည် ပစ်မှတ်ထားနေတယ် ဆိုတာတွေ့ရတယ်ပေါ့နော်” ဟု ဆက် ပြောသည်။

စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီးငယ်များနှင့် ကိုယ်ဝန်ဆောင်များ ထိခိုက်သေဆုံးရ သည့် အပေါ် ကချင်အမျိုးသမီးအစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) မှ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ တာဝန်ခံ ဆန်ထွယ်ကလည်း အခြေအနေများကို ယခုကဲ့သို့ ထောက်ပြပြောဆိုသည်။

“လက်နက်ကြီးတို့၊ ဝေဟင် ဗုံးကြဲတိုက်ခိုက်တာတို့ ဆိုတာက များသောအားဖြင့် ဒီ IDP camp တို့ရယ် ပြီးလို့ ရှိရင် ဈေး၊ လမ်းမကြီးတို့ ကျောင်းတို့မှာ ဖြစ်တတ်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်အိမ်မှာ အိပ်နေပေမယ့်လည်း လက်နက်ကြီး လာကျလို့ သေဆုံးတဲ့ လူတွေကလည်း အများကြီးရှိတယ်။ ဆိုတော့ ဒီထဲမှာ ကိုယ်ဝန်ဆောင် တွေ၊ ကလေးငယ်တွေလည်း အများကြီးပါတယ်။ ဆိုတော့ ဒါက ကျမတို့နိုင်ငံရဲ့ ရှေ့အနာဂတ် ခေါင်းဆောင်၊ လူ့အရင်းအမြစ် ဆုံးရှုံးတာကလည်း ပိုပြီး ဆိုးရွားစေတဲ့ အခြေအနေတွေ ဖြစ်တယ်။”

ထို့ပြင် ၆ လတာအတွင်း

  • စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၁၅ ဦး၊
  • လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ၅၀ ဦး၊
  • မြေမြှုပ်မိုင်းကြောင့် ၂၆ ဦး၊
  • လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁၂ ဦးနှင့်
  • ကျည်ထိမှန်မှု ကြောင့် ၃ ဦး စုစုပေါင်း အမျိုးသမီး ၃၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆန်ထွယ်က “မြန်မာနိုင်ငံရဲ့ အခြေအနေက ဆက်ပြီး ဆိုးဆိုးရွားရွားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တော့ နိုင်ငံ တကာ အနေနဲ့ကလည်း အစိုးရအပြောင်းလဲတယ် ဆိုပြီးမှ စကားကြီးစကားကျယ်ချဲ့ပြီးမှ ဆက်စပ်နေတဲ့ကိစ္စ တွေ၊ ဆက်သွယ်လုပ်ဆောင်လာတဲ့ ကิစ္စတွေက မြန်မာပြည်သူတွေ အတွက်ကတော့ အသက်အိုးအိမ် စွန့်ပစ်ဖို့ အတွက် ပိုပြီးများလာတဲ့ အခြေအနေ ဖြစ်မယ်ပေါ့” ဟု ဆက်ပြောသည်။

ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရန်၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကူညီပံ့ပိုးမှုများကို ချက်ချင်းရပ်ဆိုင်းရန်နှင့် လေယာဉ်ဆီများနှင့် လက်နက်ခဲယမ်းများ မရောက်ရှိ စေရန် တိကျသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် BWU က အာဆီယံနှင့် နိုင်ငံတကာသို့ တိုက်တွန်းထား သည်။

စစ်ရာဇဝတ်မှု ကျူးလွန်သူ စစ်အုပ်စုခေါင်းဆောင်များကို အာဂျင်တီးနားနိုင်ငံက ဖမ်းဝရမ်းထုတ်ပြန်ထားမှု အပေါ် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားသည်။

July 15, 2026
ဧရာဝတီတိုင်းအတွင်းရှိ ဌာနေပြည်သူ့စစ်များကို ဧရာဝတီ၊ ပဲခူး၊ ရခိုင်၊ ကရင်နှင့် စစ်ကိုင်းတိုင်း...
July 15, 2026
ရခိုင်ပြည်တောင်ပိုင်း ဂွမြို့တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားနေစဉ်၊...
July 14, 2026
မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝန်း၏ ကြားနေသည့် သဘောထားသည် စစ်တပ်က အရပ်သား...
July 14, 2026
စစ်ရေးအရ စိုးရိမ်စရာဖြစ်လာသည့် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ၏ တန်ပြန်...