ကျား/မအခြေပြု အကြမ်းဖက်မှုပပျောက်ရေး အစီအစဉ်မရှိကြောင်း UNOCHA ၏ ထုတ်ပြန်မှုအပေါ် KWO တုန့်ပြန်

ကျား/မအခြေပြု အကြမ်းဖက်မှုပပျောက်ရေး အစီအစဉ်မရှိကြောင်း UNOCHA ၏ ထုတ်ပြန်မှုအပေါ် KWO တုန့်ပြန်

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ ပြီးခဲ့သည့် အောက်တိုဘာလ ၁ရက် နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ ထိန်းချုပ်မှုပြင်ပတွင် ကျား/မအခြေပြု အကြမ်းဖက်မှု(GBV) ပပျောက်ရေးလုပ်ဆောင်သည့် အဖွဲ့အစည်းများမရှိကြောင်း ထုတ်ပြန်မှုခဲ့အပေါ် ကရင်အမျိုးသမီးအစည်းအရုံး-KWO က နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပြန်လည်ပေးပို့ တုန့်ပြန်လိုက်သည်။

ကရင်ပြည်နယ်၏ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ နယ်မြေများအတွင်း ကျယ်ပြန့်သည့် လူထုအခြေပြု GBV ဝန်ဆောင်မှုများစွာရှိနေသော်လည်း UNOCHA ၏ အကြွင်းမဲ့ လျစ်လျူရှုခံရမှု အပေါ် အံ့ဩတုန်လှုပ်မိကြောင်း KWO ၏ တုန့်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

KWO၏ ပြောခွင့်ရ နော်ကညောဖောက “ကျမတို့ ဒီကျားမ အခြေပြု အကြမ်းဖက်မှု ဆိုင်ရာ အကူအညီပေးရေးကို လုပ်လာတာ ကြာခဲ့ပြီး။ သူတို့က စစ်တပ်က ထုတ်ပြန်တဲ့ အချက်အလက်တွေကိုပဲ ယူပြီးတော့ တကယ်ဖြစ်တဲ့ နေရာတွေကိုလည်း သူတို့ မရောက်သလို ထောက်ပံ့မှုလည်း မပေးခဲ့ဖူးဘူး။ ဒါတွေက မမှန်ဘူးလေ။ ကျမတို့ လူထုအခြေပြုအဖွဲ့အစည်းတွေကို အသိအမှတ်ပြုမှုလည်းမရှိခဲ့ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိကာလတွင် စစ်ကောင်စီ နှင့် ပူးပေါင်းလုပ်ဆောင်ရမည့်ကာလမျိုးမဟုတ်သလို တစ်ဖက်တစ်ခြမ်းတည်း ကြည့်ရမည်မဟုတ်ဘဲ ယခုလို ထုတ်ပြန်မှုများကြောင့် နောက်ဆက်တွဲ ရလဒ်များအနေဖြင့် လက်တွေ့ခံစားရသူများ အကူအညီအထောက်အပံ့များ မရရှိနိုင်ကြတော့ကြောင်း လည်း နော်ကညောဖောက ဆက်ပြောသည်။

UNOCHA ၏ ထုတ်ပြန်မှုအရ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် GBV ကိစ္စရပ်များအပေါ် စီမံလုပ်ဆောင်သည့် အေဂျင်စီအဖွဲ့အစည်းများမရှိကြောင်း၊ လက်ရှိတွင် တရားဝင် မိတ်ဖက် အဖွဲ့အစည်းတစ်ခု၏ ကူညီမှုဖြင့် တရားဝင် ဝန်ဆောင်မှုများရရှိနေကြောင်းနှင့် တနင်္သာရီတိုင်းနှင့် ကရင်၊ မွန်ပြည်နယ်များရှိ စစ်ကောင်စီ၏ ထိန်းချုပ်မှု ပြင်ပနေရာများတွင် GBV အတွက် ဝန်ဆောင်ပေးမှု ကင်းမဲ့နေကြောင်း ဖော်ပြပါရှိသည်။

သို့သော် KWO အနေဖြင့် ကျား/မ အခြေပြု အကြမ်းဖက်မှုအတွက် အကူအညီပေးရေး လုပ်ဆောင်မှုကို KNU၏ ထိန်းချုပ်နယ်မြေ ခရိုင် (၇)ခုလုံးတွင် ကူညီလုပ်ဆောင်လာသည်မှာ ဆယ်စုတစ်ခုကျော်လာ ခဲ့ပြီးဖြစ်ကြောင်း နှင့် အာဏာသိမ်းပြီးချိန်ကတည်းကစ၍ အရှိန်မြင့်လာသည့် ပဋိပက္ခနှင့် ရွှေ့ပြောင်း နေထိုင်မှု ကြားကာလတိုင်အောင် GBV ခံစားခဲ့ရသူ ၁၈၆ ဦးကို ကူညီပေးနိုင်ခဲ့ပြီး ကွန်မြူနတီအဖွဲ့ဝင် ၇,၅၀၀ ခန့်ကိုလည်း GBV ဆိုင်ရာ အသိပညာပေးမြှင့်တင်မှုကို ပေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက်လုပ် ဆောင်ပေးနေကြောင်း KWO ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

GBV အပေါ် ကာလရှည်ကြာလုပ်ဆောင်လာခဲ့သော ကွန်မြူနတီအခြေပြု အမျိုးသမီး အုပ်စုများနှင့် ကွန်မြူနတီ ဖွဲ့စည်းပုံ တည်ရှိနေမှုအပေါ် UNOCHA အနေဖြင့် အသိအမှတ်ပြုရန် ပျက်ကွက်နေခြင်း သည် အရည်အချင်း မပြည့်မီဘဲ တာဝန်ယူမှုကင်းမဲ့ကာ OCHA ၏ အစီရင်ခံစာပါ အခြားကဏ္ဍများ အပေါ်လည်း ယုံကြည်အားထားရမှုနှင့် ပတ်သက်ပြီး မေးခွန်ထုတ်စရာဖြစ်စေကြောင်း KWO ၏စာတွင် အပြင်းအထန် ဝေဖန်ထောက်ပြထားသည်။

ထို့အပြင် UNOCHA အနေဖြင့် ကွန်မြူနတီအခြေပြု အမျိုးသမီးအဖွဲ့အစည်းများ၏ လုပ်ဆောင်မှု အစီအစဉ်များအပေါ် လျစ်လျူရှုမှုနှင့်ပတ်သက်ပြီး လူသိရှင်ကြား တောင်းပန်ရန်နှင့် အလားတူ ဖြစ်ရပ် မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေရန် အာမခံချက်ပေးရန်လည်း KWO ၏ အိတ်ဖွင့်စာတွင် တောင်းဆိုထားသေးသည်။

ဆက်လက်ပြီးအလှူရှင်များအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အချက်အလက် များအတွက် UNOCHA တစ်ခုတည်းသာလျှင် အားထားခြင်းမပြုဘဲ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ပြည့်စုံလုံလောက်သော အကူအညီပေးရေး တုန့်ပြန်ဆောင်ရွက်မှုများနှင့် လိုအပ်ချက်များကိုရရှိရန် နယ် စပ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများနှင့် တိုက်ရိုက်တွေ့ဆုံပြီး လိုအပ်ချက်များအတွက် ၎င်းတို့ကို တိုက်ရိုက် ငွေကြေးထောက်ပံ့မှုလမ်းကြောင်းဖော်ဆောင်ပေးရန်ကိုလည်း KWOက တိုက်တွန်းခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေလ ၅ ရက်နှင့် ၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာမှု အကူအညီများပေးနိုင်ရေး အတိုင်ပင်ခံ အစည်းအဝေးတွင် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်ကို တက်ရောက် ခွင့်ပြုပြီး အကူအညီပေးရေးကို စစ်ကောင်စီ၏ လုပ်ငန်းအဖွဲ့ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်သွားရန် အာဆီ ယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာ (ASEAN AHA Centre) နှင့်ကုလ သမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းရေးရုံး (UNOCHA) တို့က ဆုံးဖြတ်ခဲ့ဖူးသည်။

အဆိုပါ ဆုံးဖြတ်ခဲ့မှုအပေါ် လက်မခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) ၃ ဖွဲ့က ပူးတွဲသဘောထား ထုတ်ပြန် ကန့်ကွက်ခဲ့သေး သည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...