PDF နဲ့ KIA တပ်တွေ အကြား ပစ်ခတ်မှု ဖြစ်တယ်ဆိုတဲ့ သတင်းမှား ဖြန့်

PDF နဲ့ KIA တပ်တွေ အကြား ပစ်ခတ်မှု ဖြစ်တယ်ဆိုတဲ့ သတင်းမှား ဖြန့်

ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၅ မုန်းဆန်ယန်မှာ KIA တပ်ဖွဲ့ဝင်တွေနဲ့ PDFတပ်တွေအကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းအမှား တစ်ခုကို Myanmar News Facebookစာမျက်နှာမှာ နိုဝင်ဘာလ ၄ ရက် ဒီကနေ့မှာ တင်ထားပါတယ်။Myanmar News Facebook စာမျက်နှာက “Breaking News” ဆိုပြီး အခုလိုရေးသားထားပါတယ်။

Myanmar News Facebook စာမျက်နှာက “အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ(၅)၊ မုန်ဆန်ယန်မှာ Kia တပ်ဖွဲ့ဝင်တွေနဲ့ ဆလန်ကမ္ဘာတွေက PDF အဖွဲ့ကို တပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့ ရာမှ KIA နှင့် PDF တပ်ဖွဲ့ဝင် များကြား ပစ် ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

KIAတပ်ဖွဲ့ခေါင်းကြီးပိုင်းတွေက လေ ကြောင်း ပစ်ခတ်မှုကြောင့် သေဆုံးရခြင်းရဲ့ တရားခံဟာ PDFအဖွဲ့ထဲကို စိမ့်ဝင်နေတဲ့ စစ်တပ်သူလျှိုတွေ ကြောင့်လို့ ပြောဆိုပြီး စကားများရာမှ KIA နှင့် PDFများကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး သေဆုံး ဒဏ်ရာရ ရှိမှုများရှိကာ PDF ခေါင်းဆောင်အချို့ကိုဖမ်းချုပ်ထားလိုက် ကြောင်း သိရှိရပါတယ်” ဆိုပြီး (မူရင်းအရေး အသားအတိုင်း)ရေးသားထားပါတယ်။

ဒါ့အပြင် KIA အရာရှိဆိုသူ တစ်ဦးရဲ့ ပြောကြားချက်ဆိုပြီးတော့လည်း အခုလိုလည်းထည့်သွင်း ရေးသားထား ပါတယ်။

“ငါတို့ဘာသာနေတုန်းက လေယာဉ်ဆိုတာမမြင်ဘူးဘူး တစ်ခါမှလည်း တိုက်ခိုက်တာမခံရဘူး… ဒီ PDFဆိုတဲ့ ကောင်တွေရောက်လာမှ လေယာဉ်နဲ့ ခဏ ခဏ ပစ်ခံနေရတယ် ဒီကောင်တွေ လေတပ်ကိုမြေပုံညွန်း ပေးနေ တယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားပါတယ်။အဆိုပါရေးသားမှုဟာ သတင်းအမှား တစ်ခုသာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မုန်ဆန်ယန်မှာ KIA နဲ့ PDF တပ်ဖွဲ့တွေ အကြားမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ မရှိလို့ပဲ ဖြစ်ပါတယ်။

တကယ်လို့သာ KIA နဲ့ PDF တွေအကြားမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ မှန်တယ်ဆိုရင် ကချင်လူမှု့အသိုင်းအဝိုင်း အကြားမှာ ပြောဆိုမှုတွေဟာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာမှာ ဖြစ်ပေမယ့်အခုအချိန်အထိတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာပြောဆိုသံမှ မကြားရပါဘူး။

ဒါ့အပြင် ယုံကြည်စိတ်ချရတဲ့ ကချင်ပြည်နယ် အခြေစိုက် ကချင်သတင်းဌာနတွေနဲ့ တခြားသတင်းဌာနတွေက KIA နဲ့ PDF တွေအကြားမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ မှန်တယ်ဆိုရင်သတင်းရေးသားကြမှာ ဖြစ်ပေမယ့် ဘယ် သတင်းဌာနကမှ သတင်းရေးသားထားတာ မရှိပါဘူး။

ကချင်ပြည်နယ် အခြေစိုက် ကချင်သတင်းဌာနတွေဖြစ်တဲ့ The 74 Media https://bit.ly/3WtprLU၊ KNGhttps://bit.ly/3hat2OS၊ မြစ်ကြီးနားဂျာနယ် https://bit.ly/3zIiih2 တို့မှာ ဝင်ကြည့်လို့ရပါတယ်။

ပြီးတော့ KIA အရာရှိ တစ်ဦးရဲ့ ပြောဆိုချက်ဆိုပြီး ရေးသားထားတာကို ကြည့်မယ်ဆိုရင်လည်း KIO/KIA မှာ စစ် ရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီး နော်ဘူက လွဲရင် ဘယ်သူ့ကိုမှ သတင်းဌာနတွေကိုဖြေကြားခွင့် ပေး ထားတာ မရှိသလို တပ်မှူး၊ တပ်သားတွေကိုလည်း စစ်ရေး၊ နိုင်ငံရေးတွေနဲ့ပတ်သက်ပြီး အပြင်ကို ပြောဆိုဖို့ ခွင့် ပြုထားတာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် Myanmar NewsFacebook စာမျက်နှာကတော့ KIA အရာရှိ တစ်ဦးဆိုပြီး သတင်းရင်း မြစ်အတုကို ဖန်တီးပြီးရေးသားထားပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ Myanmar News Facebook စာမျာက်နှာ ရဲ့ရေး သားမှုဟာ KIA နဲ့ PDF တွေကို ရန်တိုက်ထားတဲ့အပြင်၊ တော်လှန်ရေး အဖွဲ့အစည်းတွေအကြားမှာ ဖြစ်ပွားတာ မရှိတဲ့ သတင်းတွေကို ဖြစ်ပွားနေတဲ့ပုံစံမျိုးနဲ့ ပြည်သူတွေကို ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ဖန်တီး ရေးသားထားတဲ့ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။KIA နဲ့ PDF တွေအကြားမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းအမှားကို Myanmar News Facebook စာမျက်နှာ အပြင် စစ်တပ်ထောက်ခံသူတွေနဲ့ သတင်းအမှား ဖြန့်ဝေသူတွေ တော်တော်များများကကူးယူပြီး ထပ် ဖြန့်ဝေနေပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင်လူမျိုး တမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကားသတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ ကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

July 13, 2026
စစ်တပ်သည် အသွင်ပြောင်းအစိုးရအဖြစ် အရေခြုံထားသော်လည်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့်...
July 13, 2026
ဦးမင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါး...
July 13, 2026
မကွေးတိုင်း၊ ချောက်မြို့နယ်၊ တောင်သာကျေးရွာနှင့် စမ်းစုကျေးရွာကြားတွင် စစ်တပ်နှင့်...
July 11, 2026
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ (၂၄) မှ စစ်အုပ်စုတပ်သား အင်အား ၆၀၀ ကျော်သည် ရိက္ခာနှင့် လက်နက်...