စစ်ကောင်စီက လက်နက်ကြီးပစ်နေ၍ ဖလံတောင်ဆေးရုံ ယာယီပိတ်ထား၊ လူနာ ၁၀၀ နီးပါး ပြောင်းရွှေ့ရ

စစ်ကောင်စီက လက်နက်ကြီးပစ်နေ၍ ဖလံတောင်ဆေးရုံ ယာယီပိတ်ထား၊ လူနာ ၁၀၀ နီးပါး ပြောင်းရွှေ့ရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဖားအံမြို့နယ်တွင် ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ဒေသတွင်းရှိ ဖလံတောင်ဆေးရုံကို ယာယီပိတ်ထားလိုက်ရပြီး ဆေးရုံတက်ရောက်နေကြသည့် လူနာအယောက် ၁၀၀ ကို နေရာပြောင်းရွှေ့ကာ ကုသနေရကြောင်း ဒေသခံများထံမှ သိရသည်။

ကမမောင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၈)လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ(၄၀၈) စစ်ကောင်စီ တပ်စခန်းက ပြီးခဲ့သည့် နိုဝင်ဘာလ ၁ရက်နေ့မှစတင်၍ ဖလံတောင်ဆေးရုံအနီးတွင် ၁၂၀ မမ လက်နက်ကြီး များနှင့် ပစ်ခတ်သည့်အတွက် ဆေးရုံပိတ်ထားလိုက်ရကာ ဆေးတက်ရောက်ကုသနေရသည့် လူနာများနှင့် ဆေးဝန်ထမ်းများအားလုံး ပြောင်းရွှေ့တိမ်းရှောင်နေသည်ဟု KNLA တပ်မဟာ(၁) တပ်မှူးတစ်ဦးက ပြောသည်။

“ ဆေးရုံကို ပစ်မှတ်ထားပြီး အနီးအနားမှာ ဟိုပစ်ဒီပစ်လှမ်းပစ်တော့ ဆေးရုံတက်တဲ့လူနာ အကုန် ရှောင်ရ တာပေါ့။ ဆေးဝန်ထမ်းတွေလည်း လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေကို သယ်ပြီး တိမ်းရှောင်ရတယ်။ ဆေးရုံလုံခြုံရေး အတွက် ကျနော်တို့ KNUက လုပ်ပေးတယ်။ မြေပြင်ဆိုရင် ကျနော်တို့ ကာကွယ်ပြီး လုံခြုံရေးယူလို့ရတယ်။ အခုက မြေပြင်မဟုတ်ဘက် အဝေးကနေ လက်နက်ကြီးနဲ့လှမ်းပစ်တော့ ကျနော်တို့လည်း အပြည့်အဝ ကာကွယ်မပေးနိုင်တော့ဘူးပေါ့။ ” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါဆေးရုံတက်ရသည့် လူနာများအနက် ၅၀ ရာခိုင်နှုန်းခန့်သည် ရောဂါပြင်းထန်သည့် လူနာများဖြစ်သည့်အတွက် ဆေးဝန်ထမ်းများနှင့်အတူ ပြောင်းရွှေ့တိမ်းရှောင် ကုသနေရပြီး ကျန်ရှိသည့်လူနာများမှာ နေရပ်ကိုပြန်ခိုင်းရသည်ဟု ထို ကေအဲန်ယူ တပ်မဟာ(၁) တပ်မှူးက ဆက်ပြောသည်။

“ လူနာတွေတော်တော်ဒုက္ခရောက်တယ်။ ပြေးပြီးတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ယောက်ကလည်း ဆရာဝန်တွေ အရေးပေါ်ခွဲစိတ်ပေးနေရတယ်။ အဲဒီမှာရှိတဲ့ ဆရာဝန်တွေကလည်း ရှောင်ရင်းအတတ်နိုင်ဆုံး ခွဲစိတ်ပေးနေရတယ်။ အချိန် ၁ နာရီတောင်ကြာသွားတယ်။ ပြီးတော့ နည်းနည်းပြင်းထန်တဲ့လူနာတွေကို လုံခြုံ တဲ့နေရာရှာပြီး ဆက်ကုသပေးနေရတယ် ” ဟု ၎င်းက ကေအဲန်ယူ တပ်မှူးက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေသအတွင်းရှိ ဆေးရုံဆေးခန်းအမြောက်အများသည် ပိတ်ထား လိုက်ရသည့်အတွက် ကေအဲန်ယူ သထုံခရိုင်တစ်ခုလုံးရှိ ပြည်သူလူထုအပြင် တပ်မဟာ(၅)နယ်မြေရှိ ပြည်သူလူ ထုအချို့လည်း အဆိုပါ ဖလံတောင်ဆေးရုံကိုသာ လာရောက်ဆေးကုသခံယူနေရသည်ဟု သိရသည်။

ဖလံတောင်ဆေးရုံသည် (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံဖြစ်ပြီး ယခင်အရပ်သားအစိုးရလက်ထက်က တည်ဆောက်ထားခြင်းဖြစ်ကာ ဝေးလံခေါင်ဖျားသည့် တိုင်းရင်းသားဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT)က လိုအပ်သော ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများကို ထောက်ပံ့ထားခြင်းလည်းရှိသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် CDM ဆရာဝန်များနှင့် စေတနာရှင်လူမှုဝန်ထမ်းများစုပေါင်းကာ ဒေသခံများကို အခမဲ့ဆေးဝါးကုသပေးသည့် ဆေးရုံဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလတွင်လည်း စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်များသည် ဖလံတောင်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ကာ ဆေးရုံရှိ အသုံးအဆောင်ပစ္စည်းများကိုလည်း ဖျက်ဆီးသွားခြင်းရှိခဲ့သည့်အတွက် ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများမှာ အလားတူ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...