KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ နဘူးမြိုနယ်အတွင်း စစ်ဘေးရှောင်လာသည့် ကော့ကရိတ်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်အတွက် လိုအပ်သည့် အရေးပေါ်စား နပ်ရိက္ခာကို ယနေ့ နိုဝင်ဘာလ ၂ရက်နေ့တွင် ကရင်အမျိုးသမီးအစည်းအရုံး-KWOနှင့် ဒေသခေါင်း ဆောင်များပူးပေါင်း၍ အကူအညီများပေးအပ်ခဲ့သည်။
အောက်တိုဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီ၏ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုနှင့် လေ ကြောင်း တိုက်ခိုက်မှုများကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံများမှာ နဘူးမြို့နယ်အတွင်းရှိ ၎င်းတို့၏ နီးစပ်ရာဆွေမျိုးကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လာရချိန် အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်ချက်ရှိလာသည့်အပေါ် ယခုလို အကူအညီပေးရခြင်းဖြစ်ကြောင်း KNU နဘူးမြို့နယ်၏ ကရင်အမျိုးသားရဲတပ်ဖွဲမှူး စောညာစိန်က ယခုလိုပြောသည်။
“စစ်ကောင်စီတပ်ကနေ ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်တာ လေယာဉ်တွေနဲ့ပစ်တာကြောင့် ဒီဘက်ကိုပြေးလာတဲ့သူက အိမ်ထောင်စုပေါင်း ရာနဲ့ချီရှိပြီးတော့ လူဦးရေထောင်နဲ့ချီရှိတယ်။ သူတို့ပြေးလာတုန်းက ကိုယ်တစ်ခုအ၀တ်တစ်ထည်ပဲ ပြေးလာကြတော့ အစားအသောက်က အရေးပေါ်လိုအပ်လာတယ်။ အဲ့ဒါကြောင့် ကျနော်တို့အထက်ကိုတင်ပြလိုက်တော့ အခုလို အကူအညီတွေရလာပြီး ပေးအပ်နေတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲများကြောင့် နဘူးမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသူ အိမ်ထောင်စုပေါင်း ၁၉၃စုမှ လူဦးရေ ၁၀၈၁ ဦးရှိပြီး ၎င်းအနက် အသက်၁၈နှစ်အောက်မှာ ၅၂၉ ဦးပါ၀င်သည်။ လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်သေး၍ ယနေ့အချိန်ထိ နေအိမ်သို့ ပြန်မအိပ်ရဲသေးကြကြောင်း နှင့် စစ်ရှောင်သူများတွင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများပါ၀င်သောကြောင့် ဆေးဝါးအပြင် စားနပ်ရိက္ခာ အကူအညီများဆက်လက် လိုအပ်သေးကြောင်းလည်း စောညာစိန်က ဆက်ပြောသည်။
ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုရှိသလို ယမန်နေ့ညအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်သေးသောကြောင့် နေအိမ်မပြန်ရဲသေးကြောင်း မိသားစု၀င် ၉ ဦးဖြင့် စစ်ရှောင်လာသူ ရန်ကုတ်ဒေသခံအမျိုးသမီး တစ်ဦးက ယခုလိုပြောသည်။
“ကျမတိုက အိမ်တော့ပြန်ရဲတယ်။ ဒါပေမဲ့ အိမ်မှာ မအိပ်ရဲဘူး။ ညက ပစ်ကြပြန်ပြီး။ ရွာထဲကို နှစ်လုံးကျတယ်။ လူတော့မထိဘူး။ ရွာပြန်အိပ်ပေမဲ့ အိမ်မှာ မအိပ်ရဲဘူး။ ကျရင်လည်း အလုံးသေးသေး လေးတွေ မဟုတ်ဘူး။ အလုံးကြီးကြီးတွေ။ ပြီးတော့ မြင်လည်းမမြင်ရဘူး။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်ထိ ကော့ကရိတ်မြိုနယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့ညက ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အရွယ် ရန်ကုတ်ကျေးရွာသူ အမျိုးသမီးကြီးတစ်ဦး ခြေထောက်လက်နက်ကြီးကျည်စ ထိမှန်ခဲ့သေးကြောင်း ဒေသတာ၀န်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။
အလားတူ ဒေသခံများအနေဖြင့် လက်ရှိ တိုက်ပွဲများကြောင့် ကျေးရွာနေအိမ်သို့ မပြန်ရဲကြသလို ကောက်စိုက်၊ ကောက်ရိတ်သိမ်းချိန်ဖြစ်သော်လည် ကောက်စိုက်ရိတ်သိမ်း၍မရသောကြောင့် ၎င်းတို့၏ စိုက်ပျိုးသီးနှံများ ကျွဲ၊ နွား ၀င်ရောက်စားသောက်သည့်အတွက် သီးနှံပျက်စီးမှုများရှိကြောင်း ဒေသခံစစ်ရှောင်များက ပြောသည်။







