ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာရသည့် ကော့ကရိတ် စစ်ဘေးရှောင် ၅,၀၀၀ ကျော်ရှိနေ

ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာရသည့် ကော့ကရိတ် စစ်ဘေးရှောင် ၅,၀၀၀ ကျော်ရှိနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ပိုင်း/ မြောက်ပိုင်းကျေးရွာများဘက်တွင် စစ်ကောင်စီစစ်ကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့် ဒေသခံ စစ်ရှောင်အရပ်သားပြည်သူ ၅,၀၀၀ ကျော်ရှိနေပြီဟု သိရသည်။

ယမန်နေ့ နို၀င်ဘာလ ၁ ရက်နေ့က စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှု၊ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် ဒေသတွင်းကျေးရွာနေအိမ်များ ပျက်စီးမီးလောင်ခြင်း၊ ကျွဲနွားများ သေဆုံးခြင်းဒေသခံများ လက်နက်ကြီး အစမှန်ဒဏ်ရာရရှိခြင်းများ ကြုံတွေ့နေရသည့်အတွက် ထောင်နှင့်ချီသော ဒေသခံစစ်ရှောင်ပြည်သူများမှာ တိုက်ပွဲလွတ်ရာကျေးရွာများဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီပေး နေသူများက ပြောသည်။

“မနေ့က တစ်နေကုန်ပစ်တာပေါ့၊ လက်နက်ကြီးကျတာအချက် ၁၀၀ လောက်ရှိတယ်၊ ရန်ကုတ်ရွာတော့ လူနေအိမ်တွေ စုတ်ပြတ်ပျက်စီးကုန်ပြီ၊ လူတစ်ယောက် အလုံးကြီးအစမှန် ဒဏ်ရာရတယ်။ စော်ဟဲရွာမှာ နွား ၃ ကောင်သေတယ်၊ ကြောင်လျှာကုန်းရွာမှာ အိမ် ၂ လုံး မီးလောင်သွားတယ်၊ အခုက ရန်ကုတ်ရွာမှာ စစ်တပ် စစ်ကြောင်းရှိနေတယ်၊ အင်အား ၁၀၀ ကျော်လောက် ရှိတယ်၊ ပျားပင်၊ ဆင်ကုန်း၊ ကောင်းမှု ရွာတွေဘက်က ဒေသခံတွေကတော့ ထီးဖိုးစံ၊ နောင်ကိုင်း ရွာဘက် စစ်ရှောင်ပြေးနေကြတာ လူတစ်ထောင်ကျော် ရှိလာနေပြီ”ဟု ၎င်း စစ်ဘေးရှောင်ကူညီနေသူက ပြောသည်။

ကော့ကရိတ်မြို့တွင်း အောက်တိုဘာ ၂၁ ရက်က စစ်ကောင်စီ လက်အောက်ခံဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်ပြီးနောက် ကော့ကရိတ်မြို့ တောင်ပိုင်း၊ မြောက်ပိုင်း၊ အာရှလမ်း၊ တောင်ကြာအင်းဒေသများ ဘက်သို့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်များ မြေပြင် စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းများ အဆက်မပြတ်လုပ်ဆောင်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကော့ကရိတ်တောင်ပိုင်း၊ မြောက်ပိုင်းဒေသတစ်ခုလုံးတွင် စစ်ဘေးရှောင်နေရသူ ၅၀၀၀ ကျော်ရှိလာနေသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“ကော့ကရိတ် မြို့ပေါ်က အောက်ခြေလက်လုပ်လက်စား နေတဲ့သူတွေ လောက်ပဲ ကျန်တော့တယ်၊ မြို့က လမ်းမတန်းပိုင်းတွေက လူတွေက မော်လမြိုင်၊ ဖားအံ၊ မြ၀တီဘက်တက်ပြီး ရှောင်နေကြပြီ၊ ကော့ကရိတ်က စစ်ကောင်စီနဲ့ BGF တွေပဲ လှည့်နေတော့တယ်။ သူတို့ ရုံးတွေ၊ ကျောင်းတွေ ပိတ်ထားတာ ကြာနေပြီ၊ တိုက်ပွဲ ဆက်ဖြစ်ဖို့ အခြေအနေရှိနေတော့ စစ်ရှောင်သူတွေ ပိုတိုးလာနေတယ်”ဟု နဘူးကျေးရွာဘက် စစ်ဘေးရှောင် နေရသူ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

KNU တပ်မဟာ ၆ ကော့ကရိတ် ဒေသတွင် စစ်ကြောင်းလာသည့် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်နှင့် KNLA ပူးပေါင်းတပ်တို့ တန်ပြန်တိုက်ခိုက်မှုများဖြစ်ပွားသကဲ့သို့ မြ၀တီ-ဝေါလေလမ်းပိုင်း၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ တောင်ကြာအင်းဒေသများဘက်တွင်လည်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လျက်ရှိသည်ဟု သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...