ဖားအံမြို့တွင် ပွဲတော်များ ပိုမိုကျင်းပပြုလုပ်လာနေ

ဖားအံမြို့တွင် ပွဲတော်များ ပိုမိုကျင်းပပြုလုပ်လာနေ

ကရင်ပြည်နယ် ဖားအံမြို့တွင် စက်တင်ဘာလပိုင်းမှစ၍ လမ်းဖွင့်ပွဲအခမ်းအနားများနှင့် ပွဲတော်များကို ယခင်ကထက် ပိုမိုကျင်းပပြုလုပ်လာနေသည်ဟု မြို့ခံများက ပြောသည်။

ဖားအံမြို့တွင် စစ်ကောင်စီခန့် ပြည်နယ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦး ဦးဆောင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဝင်များနှင့် စစ်ကောင်စီဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများက လှေလှော်ပြိုင်ပွဲ၊ ဘောလုံးပွဲ၊ ပန်းခြံဖွင့်ပွဲ၊ လမ်းဖွင့်ပွဲ စသည့်ပွဲများကို ရဲအင်အားများထူထပ်စွာချထားကာ ပွဲတော်များကျင်းပပြုလုပ်လျက်ရှိနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

သူက “လှေလှော်ပြိုင်ပွဲတွေက ဟိုအရင်လတုန်းကနေ လုပ်တာ။ ပန်းခြံဖွင့်ပွဲဆိုရင် လူတော်တော်များများလာကြတယ်။ ဘောလုံးပွဲဆိုရင်လည်း နေ့တိုင်းပဲရှိတယ်။ ဒီမနက် လှာကမြင်ကွက်သစ်မှာ ပန်းခြံဖွင့်ပွဲလုပ်တယ်။ ဒီနေ့တောင် အဲ့ဒီဘက်သွားတာ ရွာသစ်မှာ ရွာသုံးရွာဆက်ထားတဲ့လမ်းပေါ့။ ရပ်သဝေါ်၊ သာနုံး၊ အဲ့ဒီလမ်းတွေကို ကြံ့ခိုင်ရေး အင်္ကျီတွေနဲ့ ဝတ်ပြီးဖွင့်ပွဲလုပ်နေကြတယ်။ ရဲတွေလည်း လုံခြုံရေးယူထားတယ်။ လမ်းတွေလည်းအကုန်ပိတ်ထားတယ်”ဟု ယမန်နေ့က ပြောသည်။

လက်ရှိ ကရင်ပြည်နယ်နေရာဒေသတော်တော်များများတွင် တိုက်ပွဲများဖြစ်ပွား၍ ဒေသခံ အရပ်သားပြည်သူ အမြောက်အများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့်အပြင် လက်နက်ကြီးကြောင့် အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများနှင့် လူနေအိမ်ပျက်စီးဆုံးရှုံးများ ရင်ဆိုင်ကြုံတွေ့နေရချိန် ဖားအံမြို့တွင် ယခုလို လမ်းဖွင့်ပွဲများ၊ ပန်းခြံဖွင့်ပွဲများ ပိုမိုပြုလုပ်ကျင်းပနေသည့်အပေါ် ထောက်ပြဝေဖန်မှုများလည်း ရှိနေသည်။

အခြားဖားအံဒေသခံ တစ်ဦးကလည်း “တိုင်းရင်းသားနယ်မြေတွေမှာက နေ့တိုင်းပဲ စစ်ဖြစ်ပြီး ပြေးနေရတာလေ။ မြို့ထဲမှာက ပွဲတော်တွေလုပ်နေတော့ မကောင်းဘူးထင်တယ်။ အခု ဒီမှာဆိုရင် ပန်းခြံအသစ်ဖွင့်လိုက်တာနဲ့ လူငယ်တွေရောအကုန်အများကြီးသွားကြတယ်။ သူတို့လုပ်နေတာက ပြည်သူတွေကို အာရုံပြောင်းတဲ့သဘောပေါ့။ ဘောလုံးပွဲလုပ်တာက လူငယ်တွေကို နိုင်ငံရေးထဲ စိတ်မဝင်စားအောင် လုပ်တဲ့ပုံစံပဲလေ”ဟု ပြောသည်။

အလားတူ စစ်ကောင်စီတပ်နှင့် ၎င်းတို့ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်းရှိ လူငယ်များကို နိုင်ငံရေးအပေါ် စိတ်ပါဝင်စားမှု မရှိစေရန် ရည်ရွယ်ပြီး ဘောလုံးပြိုင်ပွဲများနှင့် အခြားသောပျော်ပွဲ ရွှင်ပွဲများကို လိုက်လံစည်းရုံး လုပ်ဆောင်လျက်ရှိကြောင်းလည်း မြို့နေလူထုများထံမှ သိရသည်။

Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...