ရေစကြိုမြို့နယ် သံပြာချောင်းကျေးရွာနှင့် စိုင်သေကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ ၂,၀၀၀ ကျော် စစ်ရှောင်နေရ

ရေစကြိုမြို့နယ် သံပြာချောင်းကျေးရွာနှင့် စိုင်သေကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ ၂,၀၀၀ ကျော် စစ်ရှောင်နေရ

မကွေးတိုင်း ၊ ရေစကြိုမြို့ အနောက်ဘက်ခြမ်းရှိ သံပြာချောင်း ကျေးရွာ နှင့် စိုင်သေ ကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၉ရက် နံနက် ၆ နာရီ အချိန်ခန့်တွင် မီးတင်ရှို့နေကြောင်း သိရပါသည်။

“ဘာစစ်ပွဲမှမဖြစ်ဘဲနဲ့ အသားလွတ်ရွာကို မီး၀င်ရှို့သွားတာ၊ အခုက စစ်ဘေးရှောင်တွေကို PDF တွေက ကူညီဖို့ လုပ်နေတယ်၊ စုစုပေါင်း စစ်ဘေးရှောင်လာတာ ၂,၀၀၀ကျော်လောက်ရှိမယ်၊ အကူအညီတွေ အများကြီးလိုတာပေါ့ဗျာ” ဟု ရေစကြိုမြို့ခံတစ်ဦးက ပြောသည်။

အိမ်ခြေ ၂၀၀ ခန့် ရှိ စိုင်သေ ကျေးရွာကို မီးရှို့ပြီး တစ်ဆက်တည်း အိမ်ခြေ ၃၅၀ခန့်ရှိတဲ့ သံပြာချောင်း ကျေးရွာကို ဆက်တိုက် မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူ တစ်ဦးက အခုလိုပြောသည်။

“ စစ်ကောင်စီ တပ်သား ၈၀ ဝန်းကျင်လောက်က ယမန်နေ့ကတည်းက စစ်ကြောင်း ထိုးလာတာ ဖြစ်ပါတယ် ။ ကျနော်တို့ ရွာကိုတော့ ဒီကနေ့ နံနက်ခင်းပိုင်းမှာ မီးစပြီး ရှို့ပါတယ်။ ကျနော်တို့ ဒေသခံ ရွာသူရွာသားတွေ အားလုံးအကုန် စစ်တပ်ရဲ့ ရန်ကနေ ရှောင်တိမ်းနေရပါတယ်။ စစ်တပ်က နေ့ရော ညရော လက်နက်ကြီးတွေ နဲ့ ရမ်းပစ်တာတွေ လုပ်နေတာကြောင့် ကျနော်တို့ အားလုံး ကြောက်လန့်နေရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံပြည်သူတစ်ဦး က ဆိုသည်။

“စိုင်သေ(ကျေးရွာ)ကို မနေ့ညက စစ်တပ်က၀င်စီးတယ်၊ ဒီနေ့ မနက်မိုးမလင်းသေးဘူး၊ မီးစရှို့တယ်၊ နောက်တော့ သံပြာချောင်း(ကျေးရွာ)ကို ဆက်ရှို့တယ်၊ နှစ်ရွာပေါင်းမှာ အိမ်အလုံး ၁၀၀ကျော်မီးရှို့ဖျက်ဆီးခံလိုက်ရတယ်” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးကလည်း ပြောသည်။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှူ များကြောင့် သံပြာချောင်း ၊ စိုင်းသေ ကျေးရွာများ အပါအဝင် ကျေးရွာ ငါးရွာမှ လူဦးရေ ၂,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရပါသည်။

အင်အား ၈၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး၀င်လာသည့် စစ်ကောင်စီတပ်သည် စိုင်သေကျေးရွာ စာသင်ကျောင်းကိုလည်း ဖျက်ဆီးသွားသေးကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...