အာဏာသိမ်းမှုကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဧရာမရွှေ့ပြောင်းမှုတွေ ဖြစ်ပေါ်လာ

အာဏာသိမ်းမှုကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဧရာမရွှေ့ပြောင်းမှုတွေ ဖြစ်ပေါ်လာ

စစ်တပ် အာဏာသိမ်းပြီးနောက် ပိုမိုပြင်းထန်လာတဲ့ ပဋိပက္ခနဲ့ စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ဧရာမရွှေ့ပြောင်းမှုတွေနဲ့ လူသားချင်းစာနာမှုအကြပ်အတည်းအသစ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်(KPSN)ရဲ့ အောက်တိုဘာ (၂၆)ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအရ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ ရွှေ့ပြောင်းမှုအသစ်အဖြစ် တောင်ငူခရိုင်မှာ ၇၅၀၀ ကျော်၊ ညောင်လေးပင်ခရိုင်မှာ ၆၀၀၀၀ ကျော်၊ ဖာပွန်ခရိုင်မှာ ၉၆၀၀၀ ကျော်၊ သထုံခရိုင်မှာ ၇၅၀၀၀ နီးပါး၊ ဒူးပလာယာခရိုင်မှာ ၈၅၀၀၀ ကျော်နဲ့ တနင်္သာရီမှာ ၂၀၀၀၀ ကျော် စုစုပေါင်း ၃၄၀,၀၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အရေးပေါ်လိုအပ်ချက်တွေကို ဖြေရှင်းဖို့အတွက် နယ်စပ်အခြေစိုက် ကရင်လူထုအဖွဲ့အစည်းတွေဟာ အစုအဖွဲ့တွေနဲ့ နိုင်ငံတကာအလှူရှင်များထံကနေ ရန်ပုံငွေတွေကောက်ခံခဲ့ပြီး (၂၀၂၁)ဖေဖေါ်ဝါရီကနေ (၂၀၂၂) ဇူလိုင်လအထိ အကျိုးခံစားခွင့်ရှိသူ (၃၈၈,၀၀၀) ကျော်ကို စားနပ်ရိက္ခာထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၇ သန်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို အကူအညီဖြန့်ဝေမှုတွေကို ပိတ်ဆို့တာ၊ လမ်းကြောင်းပြောင်းစေတာနဲ့ ဖျက်ဆီးတာတွေအပါအဝင် စစ်ကောင်စီက လူသားချင်စာနာမှုအကူအညီတွေကို လက်နက်သဖွယ်အသုံးပြုမှုကြောင့် မြန်မာနိုင်ငံအတွင်းကနေ ဖြတ်ပြီး ကူညီတဲ့အကူအညီတွေ ရပ်တန့်သွားခဲ့ရသလို အဲဒီနယ်စပ်အခြေပြု အကူအညီတွေဟာ အလွန်ပင်အရေးပါလှတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

ပဋိပက္ခတွေကြောင့် လယ်သမားတွေမှာ ဆန်စပါးကို စိုက်ပျိုးနိုင်စွမ်းမရှိတော့တာကြောင့် အစာလို အပ်ချက်ကိုဖြည့်ဆည်းဖို့ ရေရှည်ထောက်ပံ့ကူညီဖို့အတွက် လိုအပ်ချက်မှာ အခုအခါ ရှင်းရှင်း လင်းလင်းရှိနေပြီး လတ်တလောမှာ ကရင်လူထုအခြေပြုအဖွဲ့အစည်းတွေဟာ လာမယ့်(၁၂)လတာ ကာလတစ်ခုတည်းအတွက်ပင် အစားအစာထောက်ပံ့မှုရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၇)သန်းအထိ လိုအပ်ချက်ကို ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံတကာအလှူရှင်တွေအနေနဲ့ မိမိတို့ ကရင်လူထုအခြေပြုအဖွဲ့အစည်းနဲ့ တွေ့ဆုံပြီး မိမိတို့ပြည်သူတွေ မြန်မာနိုင်ငံထဲမှာ ဆက်လက်နေထိုင်နိုင်စွမ်း ရှိစေရေးအတွက် အရေးပေါ်လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် အကူအညီတွေကို တိုးမြှင့်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ အစီရင်ခံစာဖော်ပြချက်အရ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...