ဘုံသဘောတူညီချက် (၅) ချက်ကိစ္စ အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး အကျပ်ကိုင်မှုမျိုးသည် အကျိုးမရှိနိုင်ဟု စစ်ကောင်စီထုတ်ပြန်

ဘုံသဘောတူညီချက် (၅) ချက်ကိစ္စ အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး အကျပ်ကိုင်မှုမျိုးသည် အကျိုးမရှိနိုင်ဟု စစ်ကောင်စီထုတ်ပြန်

မဇ္စျိမ။ ။အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ငါးချက်အကောင်အထည်ဖော်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်အတွက် အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး၊ အကျပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုးမရှိနိုင်သည့်အပြင် ဆိုးကျိုးသက်ရောက်မှုများကိုပင် ဦးတည်သွားစေနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၇ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အောက်တိုဘာလ ၂၇ရက်နေ့၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့်သူကိုသာ ဖိတ်ကြားခြင်းနှင့် ပတ်သက်ပြီး ထိုကဲ့သို့ ခွဲခြားဆက်ဆံသည့်လုပ်ရပ်များကို လက်မခံနိုင်ကြောင်းလည်း စစ်ကောင်စီက တုံ့ပြန်သည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံ ကိုးနိုင်ငံဖြင့်သာ ဆွေးနွေးသဘောတူညီခဲ့ခြင်းသည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒအရ ဆောင်ရွက်ခဲ့ခြင်းမဟုတ်သည့်အတွက် လိုက်ပါဆောင်ရွက်မည် မဟုတ်ကြောင်းလည်း ဆိုသည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပမှ အနှောင့်အယှက်များ ဖိအားပေးမှုများ မည်သို့ပင်ရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ ငါးချက်ကို အကောင်အထည်ဖော်လျက်ရှိကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၂၀၂၁ခုနှစ် ဧပြီလအတွင်းက သဘောတူထားသည့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံး အပြုသဘောဆွေးနွေးကြရန်၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးရန်၊ အာဆီယံအသင်း၏ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတစ်ဆင့် မြန်မာနိုင်ငံကို အကူအညီပေးရန်နှင့် သက်ဆိုင်သူအားလုံးနှင့်တွေ့ရန် အာဆီယံအထူးကိုယ်စားလှယ်နှင့်အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ရန် စသည့်အချက်များ ပါဝင်သည်။

အဆိုပါ ဘုံသဘောတူညီချက် ငါးချက်ဖော်ဆောင်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှုမရှိသည့်အပေါ် စိတ်ပျက်မှုများကို နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ဖော်ခဲ့ကြောင်း အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudiက ပြောကြားခဲ့ကြောင်း သိရသည်။

သဘောတူညီချက်များကို၂၀၂၁ခုနှစ်ကတည်းက အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သော်လည်း COVID-19ကြောင့် လုပ်ဆောင်ရန် ခက်ခဲခဲ့သည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ဇူလိုင်လကုန်က အကြောင်းပြ ပြောဆိုခဲ့သည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အာဆီယံက ချမှတ်ထားသည့် ငြိမ်းချမ်းရေးဘုံသဘောတူညီချက် ငါးချက်၏ အရေးပါမှုကိုပင် ထပ်လောင်း သဘောတူခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...