စစ်တပ်က ဖမ်းခေါ်သွားသည့် ဘူးသီးတောင်ဒေသခံ ၂၀ ကျော်နှင့် မိသားစု တွေ့ခွင့်မရသေး

စစ်တပ်က ဖမ်းခေါ်သွားသည့် ဘူးသီးတောင်ဒေသခံ ၂၀ ကျော်နှင့် မိသားစု တွေ့ခွင့်မရသေး

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ မြို့မဈေးနှင့် ဆိပ်ကမ်းအနီးတို့တွင် အောက်တိုဘာလ ၂၃ ရက်နေ့က မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ရခိုင်နှင့် မွတ်ဆလင်များအပါအဝင် ဒေသခံ ၂၀ ကျော်နှင့် ၄ ရက်ကြာသည့်တိုင် တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များကပြောသည်။

ဖမ်းဆီးခံရသူများမှာ ဦးတင့်ဝင်း၊ ဦးမောင်အေးထွန်း၊ ကိုကျော်စိုးနိုင်၊ ဦးကျော်လှမြင့်၊ ဦးဇော်ဝင်း၊ ဦး မော်နီအာမောက်၊ ကိုတော်ယု၊ ဦးအူဘိုင်ဒူလာ၊ ကိုသက်ထူး၊ ကိုညီညီစိုး၊ ကိုအောင်ကျော်ဌေးနှင့် အခြား ဖမ်းဆီးခံရသူများမှာ အမည်စုံစမ်းဆဲဖြစ်သည်။ ထိုသို့ အဖမ်းခံရသူများအထဲမှ  ဈေးတွင်တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင် ဇော်ဝင်း တစ်ဦးသာ လွတ်မြောက်သေးကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ဦးမောင်အေးထွန်း၏ မိသားစုဝင်တစ်ဦးက “တွေ့ခွင့်မရသေးပါဘူး။ သူတို့ကို (တပ်ရင်း ၂၃၄) ဗျုဟာမှာ ထိန်းသိမ်းထားတယ်လို့ပဲ သိရတယ်။ မိသားစုအနေနဲ့ စိုးရိမ်မှု ရှိတာပေါ့။ အမြန်ဆုံး ပြန်လွှတ် ပေးစေချင်ပါတယ်။ သူက ဈေးထဲမှာ ဈေးကောက်စာရေးလုပ်နေတာပါ”ဟု ပြောသည်။

ဖမ်းဆီးခံရသူများထဲမှ ကိုညီညီစိုးမှာ Capital ဆေးလိပ်ကုမ္ပဏီမှ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် အရောင်းကိုယ်စားတစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၂၃ ရက်နေ့က မောင်တောသို့ပို့ရန် ဆေးလိပ်များကို စက်လှေမှ ကားပေါ်သို့တင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

ယင်းသို့ ဖမ်းဆီးထားသူများကို ဘူးသီးတောင်အခြေစိုက် ၂၃၄ တပ်ရင်းတွင် ထိန်းသိမ်းထားသည့်အတွက် မိသားစုဝင်များမှ တွေ့ဆုံရန် သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ပေ။ လက်ရှိတွင် ၄ ရက်ကြာသည့်တိုင် တွေ့ခွင့်မရသေးသည့်အတွက် စိုးရိမ်မှုရှိကြောင်းလည်း ၎င်းကဆက်ပြောသည်။

ကိုညီညီစိုး၏ မိသားစုဝင်တစ်ဦးက “မနက်ကတော့ သူတို့ကို မိသားစုတွေနဲ့ တွေ့ခွင့်ပေးမယ်ဆိုပြီးတော့ အဲဒီဗျုဟာကုန်း(တပ်ရင်း ၂၃၄)က ခေါ်တယ်။ ဒီမှာရှိတယ်လို့တော့ ပြောတယ်၊ ဒါပေမယ့် သွားတွေ့တော့ တွေ့ခွင့်မရခဲ့ဘူး။ ဘာဖြစ်လို့ ဖမ်းထားလဲဆိုတာလည်း မပြောဘူး။ သူက ဆေးလိပ်ကုမ္ပဏီမှာ အရောင်းကိုယ်စားလှယ် ဝန်ထမ်းလုပ်နေတာပါ။ ဘာမှ မပြစ်လုပ်ထားတာမရှိတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် မြို့မဈေး ဈေးကောက်နှင့် စာရေး၊ ဆိပ်ကမ်းရှိ စက်လှေပိုင်ရှင်များနှင့် ကုန်တင်ကုန်ချ လုပ်ကိုင်သူများပါဝင်ပြီး ၎င်းတို့ကို အောက်တိုဘာလ ၂၃ ရက်နေ့က မြန်မာစစ်တပ်တပ်ဖွဲ့ဝင် အင်အား(၅၀)ခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

ထိုသို့ ဘူးသီးတောင်မြို့ပေါ်မှ ဒေသခံ ၂၀ ကျော်ကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...