ပုဏ္ဏားကျွန်း မုဒိမ်းကျင့်သတ်ဖြတ်မှု တရားခံ ၃ ဦး ဝန်ခံ

ပုဏ္ဏားကျွန်း မုဒိမ်းကျင့်သတ်ဖြတ်မှု တရားခံ ၃ ဦး ဝန်ခံ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် သံသယရှိသူ ၃ ဦးက ၎င်းတို့ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS – ဒီလပ်ဌာန) က ထုတ်ပြန်သည်။

ဇူလိုင်လ ၁၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့သည့် အသက် (၂၃) နှစ်အရွယ် အောင်ဆိပ်ကျေးရွာသူ၏ ရုပ်အလောင်းကို ဇူလိုင်လ ၂၂ ရက်နေ့က တန်းစွယ်ရွာအနီး သရက်တောခြံအတွင်း လက်ထိပ် နောက်ပြန် ခတ်ခံထားရသည့် အနေအထားဖြင့် ဒေသခံများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေဒီလပ်စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ခဲ့ရာ ပထမဆုံး ဖမ်းဆီးရမိသည့် ဆင်အင်းကြီးကျေးရွာမှ မောင်တင်ဝင်းက အဓမ္မပြုကျင့်ရန် ကြို တင်ကြံရွယ်ကာ အကူအညီတောင်းခံသည့်ပုံစံဖြင့် လှည့်ဖြားခေါ်ဆောင်ခဲ့ပြီး သတ်ဖြတ်အလောင်းဖျောက် ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

၎င်းနှင့်အတူ ကြံခင်းကယ်ဆယ်ရေးစခန်းမှ မောင်အေးကျော် (ခ) မောင်ပုနှင့် မောင်သန်းစိုး (ခ) င/လုံး တို့က လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြပြီး ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် ၎င်းတို့ ၃ ဦးစလုံးကို ဒီလပ်ဌာနက တရားဝင် ဖမ်းဆီးအမှုဖွင့်ထားသည်။

ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် ဖြစ်ရပ်အပေါ် ရခိုင်ပြည်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံ များက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ထားကြပြီး တရားခံများကို အမြန်ဆုံးနှင့် အပြင်းထန်ဆုံး စံပြအဖြစ် အရေးယူပေးရန် တောင်းဆိုထားကြသည်။

အာရက္ခအမျိုးသမီးများအသံအဖွဲ့ ဒါရိုက်တာ မမြတ်အေးသွယ်ခိုင်က “လက်ရှိမှာ ရခိုင်ဒေသက အမျိုးသမီးတွေ လုံခြုံရေးအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကုန်လုံး ထိခိုက်ခံစားနေရသူတွေ ချည်းပါပဲ။ အရင်ဆုံး လိုအပ် ချက်ကတော့ ထိထိရောက်ရောက် အရေးယူပေးဖို့ပါ။ ကျမတို့ မြင်တာက အရေးယူပြီးတာနဲ့တင် မပြီးသေးပါ ဘူး ပွင့်လင်းမြင်သာမှု ရှိရပါမယ်” ဟု ပြောသည်။

အလားတူ ဒေသတွင်း အမျိုးသမီးများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကလည်း အလားတူ ဖြစ်ရပ်မျိုးများ နောင်တွင် ထပ်မံ မပေါ်ပေါက်လာစေရန် အတွက် တရားခံများကို ထိရောက်ပြတ်သားစွာ အပြစ်ပေးအရေးယူရန် လိုအပ်ကြောင်း ထောက်ပြကြသည်။

လေးဝတီမျိုးသျှစ်လူငယ် ပရဟိတအသင်း ဥက္ကဋ္ဌ ကိုခိုင်ထွန်းလင်းကလည်း “အခုတလော မုဒိန်းမှုတွေ ဟာ မကြာမကြာ ကြားနေရတော့ စိတ်မကောင်းဘူး။ အခုလို ဖြစ်ရပ်မျိုးကိုသာ ထိထိရောက်ရောက် စံပြအနေ နဲ့ အပြစ်မပေးနိုင်ရင် အနာဂတ်မှာလည်း အခုလိုဖြစ်ရပ်မျိုးကို ပေါ့ပေါ့ပါးပါး လုပ်ရဲကြဦးမှာပါ” ဟု ထောက်ပြ ပြောဆိုသည်။

လက်ရှိတွင် တရားခံများအား ချုပ်ရက်မန်ရယူခြင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းနှင့် တရားစွဲဆိုနိုင် ရေးအတွက် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ လုံခြုံရေး ဌာနက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...