မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီဟာ ဒေသအတွင်း လူငယ်တွေနဲ့ ပြည်သူတွေကို တော်လှန် ရေး အာရုံလွဲပြောင်းဖို့အတွက် အားကစားပွဲတော်တွေအပါအဝင် ပျော်ပွဲရွင်ပွဲတွေ ဖန်တီးပြီး စည်းရုံးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်ကောင်စီဟာ လူငယ်တွေ တော်လှန်ရေးမှာ စိတ်ပါဝင်စားမှု မရှိစေဖို့ အတွက် ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ အလွတ်တန်း ဘောလုံး ပြိုင်ပွဲတွေ၊ ဖူဆယ် ပြိုင်ပွဲတွေ၊ စစ်တုရင် ပြိုင်ပွဲတွေ အပြင် အားကစားနည်း အမျိုးအစား အလိုက် ပြိုင်ပွဲတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက အားကစား ပြိုင်ပွဲတွေ လုပ်ဆောင် ပေးနေတာဟာ သူတို့ အာဏာသိမ်းမှုကြောင့် နိုင်ငံ အတွင်း ဖြစ်ပေါ်နေတဲ့ တော်လှန်ရေး တိုက်ပွဲတွေ ဆန့်ကျင် ဆန္ဒဖော်ထုတ်တာတွေ အပြင် အဖက်ဖက်မှ ကျဆင်းနေတဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကို လူငယ်တွေ စိတ်ဝင်စားမှု မရှိစေဖို့ အတွက် စည်းရုံး လုပ်ဆောင် နေတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက လူငယ်တွေ တော်လှန်ရေးမှာ အာရုံ မစိုက်အောင် လုပ်ဆောင်နေတာကြောင့် လူငယ်တွေ အနေနဲ့ သွေးမအေးဘဲ မဆိုင်သလို နေလို့ မရသလို တော်လှန်ရေးမှာ နိုင်တဲ့ဘက်မှ ပါဝင်ဖို့ လိုအပ်တယ်လို့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“လူငယ်တွေ အာရုံ မစိုက်ဖို့ ဒါကတော့ သူတို့ လုပ်မှာဘဲလေ သိတယ် မဟုတ်လား၊ အခု ဒီတော် လှန်ရေး ကလည်း ရှင်းရှင်းပြောရင် လူငယ်တွေပဲ အဓိက ဦးဆောင်တာပဲ ဆိုတော့လေ၊ လူငယ်တွေ အဓိက အာရုံ မစိုက် နိုင်အောင်၊ လူငယ်တွေ နိုင်ငံရေး ဝင်မပါနိုင်အောင်ပေါ့၊ လူငယ်တွေကို ဘာပြောချင်လည်း ဆိုတော့ အခုအခြေအနေက မဆိုင်သလို နေလို့ မရဘူး၊ အသာနေရင် အသေနာဖို့ပဲ ရှိတော့တာပေါ့၊ ရန်သူက ရန်သူ ပီသနေတဲ့ အချိန်ကာလ ဆိုတော့လေ၊ ကျွန်တော်တို့ ဥပက္ခာပြုလို့ မရဘူးပေါ့၊ လူငယ်တွေ သွေးမအေးစေချင်ဘူးပေါ့၊ ပျော်ပွဲရွှင်ပွဲတွေ မလုပ်စေချင်ဘူး၊ နိုင်တဲ့ဘက်ကနေ ပြီးတော့မှ ငါကလက်နက်ကိုင်မှ တော်လှန်ရေးသမား မဟုတ်ဘူးပေါ့နော်၊ သတင်းပေးတာကအစ လူငယ်တွေကို ပါဝင်စေချင်တာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တဖက်လှည့် လုပ်ဆောင်နေတဲ့ အားကစား ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်တာ မလုပ်ခြင်းအားဖြင့် စစ်ကောင်စီကို တနည်းအားဖြင့် ဆန့်ကျင်တော်လှန်ရာ ရောက်တာကြောင့် လူငယ်တွေအနေနဲ့ မပါဝင်ဖို့ အဓိက လိုအပ်တယ်လို့ တိုက်တွန်းတာပါ။
လက်ရှိမှာ စစ်ကောင်စီဟာ ပြည်သူလူထုကို တော်လှန်ရေးမှာ မပါအောင် အာရုံလွဲတဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲ ပြိုင်ပွဲတွေ ဖန်တီးတာဟာ နိုင်ငံတကာကို ပြည်တွင်းမှာ တည်ငြိမ်အေးချမ်းနေပြီဆိုတာ လိမ်လည်ပြသဖို့ ဖြစ်တယ်လို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
“စစ်တပ်ကတော့ သူတို့ကိုမတော်လှန်ဖို့ လူထုကိုပုံစံမျိုးစုံနဲ့ ဖိနှိပ်မယ် အာရုံလွဲမယ် ပေါ့လေ၊ ဆိုတော့ အဲဒီ နေရာတွေမှာ ပျော်ပွဲရွှင်ပွဲတွေ ရှိသလို ဖိနှိပ်မှုတွေလည်း ရှိမယ်၊ မြို့ပြနဲ့ ဒီတိုင်းရင်းသားဒေသတွေပေါ့နော်၊ ဆိုတော့တိုင်းရင်းသား ဒေသတွေမှာလည်း တိုင်းရင်းသားဒေသတွေ အလျှောက် အခမ်းအနားနေ့တွေ ပျော်ပွဲရွှင်ပွဲတွေလိုမျိုး ဒါမျိုးတွေကိုဖန်တီးမယ်၊ မြို့ပြမှာ ဆိုလည်း ဘားတွေတို့ ကလပ်တွေတို့ပေါ့နော်။ နိုက်ကလပ်တွေကို ပြန်ဖွင့်ပြီးတော့မှ လူငယ်တွေဟာ ဒီလိုမျိုး ပျော်ပျော်ရွှင်ရွှင် သွားလာပြီးတော့မှ ဆိုတဲ့ ဒီလိုမျိုး သွားလာမှုတွေကို သူတို့က တမင်ဖန်တီးတာပေါ့လေ၊ ဆိုတော့ဒါမှလည်း သူတို့က နိုင်ငံတကာကိုလည်း အပြအားဖြင့် ကောင်းမယ်ပေါ့။ နိုင်ငံရေးဟာ သူဟာသူအေးချမ်းနေပြီး တည်ငြိမ်နေပြီး ဆိုတဲ့ဟာကို ဒါမျိုးကို ပြပြီးတော့မှ နိုင်ငံတကာရဲ့ ကူညီ ဖိနှိပ်မှုတွေကို သူတို့ကရှောင်ရှားလိုတာလည်း ပါတယ်ပေါ့လေ”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ အဖက်ဖက်မှ ကျရှုံးနေတာကြောင့် လူငယ်တွေကို အသုံးချကာ နိုင်ငံတကာကို လိမ်လည်ဖို့ လုပ်ဆောင်နေတာဖြစ်တဲ့ အတွက် လူငယ်တွေအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေ ကြည့်ပြီး မပူးပေါင်းကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒီလို စစ်ကောင်စီရဲ့ စည်းရုံးမှုတွေမှာ လူငယ်တွေအနေနဲ့ မပူးပေါင်းခြင်းအားဖြင့် တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်နိုင်သလို စစ်အာဏာရှင် စနစ်ကျဆုံးဖို့ အတွက်လည်း အကူအညီဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ လူငယ်တွေကို တော်လှန်ရေးမှာ စိတ်ပါဝင်စားမှု မရှိစေရေးအတွက် အားကစားပြိုင်ပွဲ ပြုလုပ်ပေးတာ အပြင် အားကစားနည်းအလိုက် အားကစားသင်တန်းတွေပေးတာနဲ့ ပျော်ပွဲရွှင်ပွဲတွေ နည်းလမ်းမျိုးသုံးပြီး ဖန်တီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။







