ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ကား ပစ်ခံရ၊ ခရီးသည်တစ်ဦး ဒဏ်ရာရ

ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ကား ပစ်ခံရ၊ ခရီးသည်တစ်ဦး ဒဏ်ရာရ

ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ခရီးသည်တင် မှန်လုံယာဥ်တစ်စီး ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသော ရွှေဝယ်မင်း ခရီးသည်တင်မှန်လုံယာဥ်သည် သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်းကျေးရွာအနီးတွင် တနင်္လာနေ့ ညပိုင်းက ပစ်ခတ်ခံရခြင်းဖြစ်သည်။

ခရီးသည်တင် မှန်လုံယာဥ် ပစ်ခတ်ခံရမှုကြောင့် ယာဥ်ပေါ်ပါ ခရီးသည် အမျိုးသားတစ်ဦး ပေါင်ခြံတွင်ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ရန်ကုန်ကနေ မော်လမြိုင်ဘက်ကို လာတဲ့ ရွှေဝယ်မင်း မှန်လုံကားက ကမာစိုင်အနားမှာ ပစ်ခံရတာဖြစ်တယ်။ ကားပေါ်ပါလာတဲ့ ခရီးသည် အမျိုးသားတစ်ဦးတော့ ထိသွားတယ်။ ပေါင်မှာကျည်ထိမှန် ဒဏ်ရာရသွားတယ်။ တခြားတော့ ထိခိုက်တာမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဒဏ်ရာရရှိသွားသည့် ခရီးသည်ကို လက်ရှိတွင် သုဝဏ္ဏဝတီမြို့ ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ပေးထားပြီး ဆေးကုသမှု ခံယူနေရသည်ဟု ကူညီပေးသူများက ပြောသည်။ ရွှေဝယ်မင်း ခရီးသည်တင် မှန်လုံယာဥ် ပစ်ခတ်ခံရသည့် ဖြစ်စဥ်နှင့် ပတ်သက်ပြီး လုပ်ဆောင်သည့်အဖွဲ့ကို သီး ခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့ ညကလည်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ မိုးကောင်းစေတီတော် အနီး ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ယာဉ်တစ်စီးမှ ကားစပယ်ယာ နောက်လိုက်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်လည်းရှိခဲ့သည်။

ထို့အပြင် ယခုနှစ် ဇွန်လတုန်းလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကား လမ်းမပေါ်တွင် စစ်တောင်းနာရေး ကူညီမှုအသင်းယာဥ် ပစ်ခတ်ခံရပြီး အသင်းသားတစ်ဦးသေဆုံးသွားခဲ့သည်။

ကျိုက်ထိုမြို့နယ်အတွင်းက ရန်ကုန် အဝေးပြေးလမ်းမ တလျှောက်တွင် စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်း တပ်ဖွဲ့တို့ အကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုမျး ဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများကပြောသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...