စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ရှိသည့် မြိုင်ကြီးငူစခန်း စားနပ်ရိက္ခာပြတ်လုနီးပါးဖြစ်နေ

စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ရှိသည့် မြိုင်ကြီးငူစခန်း စားနပ်ရိက္ခာပြတ်လုနီးပါးဖြစ်နေ
by -
စိုးသူအောင်
မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းတွင် အခြေချနေထိုင်သူများ (ဓါတ်ပုံ (2016) - ကေအိုင်စီ - KIC )
မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်းတွင် အခြေချနေထိုင်သူများ (ဓါတ်ပုံ (2016) - ကေအိုင်စီ - KIC )
စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော် လာရောက်ခိုလှုံနေသည့် မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းတွင် အလှူရှင်များ မရှိသလောက် ဖြစ်လာသည့်အတွက် စားနပ်ရိက္ခာပြတ်လုနီးပါးဖြစ်နေသည်ဟု စစ်ရှောင်စခန်းအတွင်းရေးမှူး ကိုအောင်ဝင်းထွန်းက ပြောသည်။

“ စားနပ်ရိက္ခာကတော့ အခုကတော့ ဂိုထောင်မှာကို ဆန်လုံးဝမရှိတော့ဘူး။ စျေးပေါပေါရှိနေတဲ့ ဆားတောင်မှ ပြတ်ချင်သလိုဖြစ်နေပြီ။ ထမင်းရုံမှာဆိုလို့ရှိရင် အခုဟာက ထမင်းတစ်မျိုးပဲ။ ဘာမှမရှိတော့ဘူး။ တို့စရာကတော့ ဒီနားလေးမှာ ဟင်းတွေဘာတွေ လိုက်ချိုးစားကြတာပေါ့” ဟု ၄င်းကပြောဆိုသည်။

ဖားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်ကဲ့သို့ နီးစပ်ရာများမှ စားနပ်ရိက္ခာများ လာလှူဒါန်းလေ့ရှိပြီး အလှူရှင် နည်းပါးသောကြောင့် ဖြစ်သလို ရပ်တည်နေရသည်မှာ ၂ လခန့်ရှိနေပြီဖြစ်ကြောင်း ကိုအောင်ဝင်းထွန်းက ပြောသည်။

တပ်မတော်နှင့် ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို) တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများ တစ်နှစ်နီးပါးကြာပြီးနောက် တိုးပွားလာသော စစ်ရှောင်များအတွက် စားနပ်ရိက္ခာမှာ အလှူရှင်အပေါ်၌သာ အဓိက မှီခိုနေရခြင်းလည်း ဖြစ်သည်။

“ အလှူရှင်က ပြောမယ်ဆိုရင် ၁၀၀ ရာခိုင်နူန်းမှာ ၉၀ ရာခိုင်နူန်းလောက်က ရပ်သွားတာပါ “ ဟု ကိုအောင်ဝင်းထွန်းက ဆိုသည်။

မည်သည့်အတွက်ကြောင့် ယခုလိုအလှူရှင် နည်းပါးသွားရသည်ကို မသိသော်လည်း “အခုတလောမှာ တိုက်ပွဲတွေအဖြစ်များတယ်လေ။ ရခိုင်မှာလည်း သွားရတယ် အဲ့လို ကျွန်တော်တို့ဘက်လာလို့ မအားဘူးအဲ့လိုတော့ ထင်တယ် ”ဟု မြိုင်ကြီးငူစခန်း ဥက္ကဋ္ဌဖြစ်သူ ကိုစောဆွေထွန်းက ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော်ခန့် ရှိနေပြီး လက်ရှိအချိန်တွင် လုံခြံုမှုမရသေးသောကြောင့် နေရပ်သို့မပြန်သေးခြင်းဖြစ်ကြောင်း စစ်ရှောင်ဒုက္ခသည်များက ဆိုသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာအစောပိုင်းကာလက တပ်မတော် ၊ နယ်ခြားစောင့် တပ်ဖွဲ့များနှင့် ကလို့ထူးဘော ကရင်အစည်းအရုံး (ကေကေအို) အဖွဲ့က ကျော်သက်နှင့် ဆန်းအောင် ခေါင်းဆောင်သည့်အဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မြိုင်ကြီးငူဒေသသို့ စစ်ဘေးရှောင်ဒုက္ခသည်များ ရောက်ရှိလာရ ခြင်းဖြစ်သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...