KIO နေ့ အထိမ်းအမှတ်နေ့ စစ်ကောင်စီဗုံးကြဲ၍ အသက်ဆုံးရှုံးရမှုအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

KIO နေ့ အထိမ်းအမှတ်နေ့ စစ်ကောင်စီဗုံးကြဲ၍ အသက်ဆုံးရှုံးရမှုအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

(တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ၏ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လှည့်ကွက်များကြားတွင် သွေးအေးမနေရန်နှင့် ပြတ်ပြတ်သားသား လုပ်ဆောင်ရမည့် အချိန်ဖြစ်ကြောင်းဖော်ပြ)

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ ညနေ (၈) နာရီ (၄၀) မိနစ်ဝန်းကျင်အချိန်၌ ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ အနန့်ပါတွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ သောကြောင့် KIO နေ့ အထိမ်းအမှတ်ပြုလုပ်နေကြသော အပြစ်မဲ့ အရပ်သားပြည်သူလူထုများ၊ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် မိမိတို့၏ မဟာမိတ် KIO/KIA မှ စစ်ဖက်၊ အရပ်ဖက်ဝန်ထမ်းအချို့ အသက် ဆုံးရှုံးရမှုအပေါ်  ညီနောင်မဟာမိတ် (၃) ဖွဲ့ (  MNDAA/TNLAနှင့်  AA) မှ ယနေ့ ဝမ်းနည်းကြောင်း သဝဏ်လွှာရေးသားပေးပို့သည်။

သဝဏ်လွှာထဲတွင် တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လှည့်ကွက်များကြားတွင် သွေးအေးမနေဘဲ အထူးသတိထားရမည့်အချိန်ဖြစ်သည် နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို ပြတ်ပြတ်သားသား တက်လှမ်း လုပ်ဆောင်ရမည့် အချိန်ကာလလည်းဖြစ်ပါကြောင်း ဖော်ပြထားသည်။

(ဝမ်းနည်းကြောင်း သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။)

စစ်ကောင်စီသည် သူတို့၏ စစ်ရေး၊ နိုင်ငံရေး အခြေအနေမှာ လက်ရှိအချိန်၌ ပိုမိုဆိုးဝါးလာသည်နှင့် အမျှ စိတ်ဓာတ်ကျဆင်းပြီး စိတ်ကစဉ့်ကလျားဖြစ်ကာ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူ လူထုအား ဦးတည် တိုက်ခိုက်လာခြင်းကို မြန်မာပြည်အနှံ့ နေ့စဉ်ရက်ဆက်ပြုလုပ်လျက်ရှိသည်။

စစ်သားမပီသဘဲ သူရဲဘောကြောင်စွာ ဂျက်တိုက်လေယာဉ်များဖြင့် ညအချိန်များတွင် အလစ်အငိုက်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်တိုက်ခိုက်ခြင်းများကို အဓိကထားပြုလုပ်နေပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများအား အထင်အရှားတွေ့မြင်နေရပါသည်။

ဤကဲ့သို့သော စစ်ကောင်စီ၏လုပ်ရပ်များမှာ တစ်ရက်ထက်တစ်ရက် ပိုပြီးဆိုးဝါးလာနေသောကြောင့် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် အထူးသတိထားစောင့်ကြည့်ရန်လိုအပ်သကဲ့သို့ နိုင်ငံတကာကလည်း အထူး သတိထားစောင့်ကြည့်ပြီး အရေးယူဆောင်ရွက်သင့်သည်များကို အမြန်ဆုံးအရေးယူဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အတူ တိုင်းရင်းသားလူမျိုး လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လှည့်ကွက်များကြားတွင် သွေးအေးမနေဘဲ အထူးသတိထားရမည့် အချိန်ဖြစ်သည် နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို ပြတ်ပြတ်သားသား တက်လှမ်းလုပ်ဆောင်ရမည့် အချိန်ကာလလည်း ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့၊ ညနေ (၈) နာရီ (၄၀) မိနစ်ဝန်းကျင်အချိန်၌ ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ အနန့်ပါတွင် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ သောကြောင့် KIO နေ့ အထိမ်းအမှတ်ပြုလုပ်နေကြသော အပြစ်မဲ့အရပ်သားပြည်သူလူထုများ၊ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် မိမိတို့၏ မဟာမိတ် KIO/KIA မှ စစ်ဖက်၊ အရပ်ဖက်ဝန်ထမ်းအချို့ အသက် ဆုံးရှုံးရမှုအပေါ် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် များစွာဝမ်းနည်းကြေကွဲရပါသည်။ စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူလူထုအပေါ် ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သောပြစ်ဒဏ်ပေးရေးနှင့် ကျူးလွန်ခံရသူများဖက်မှ တရားမျှတမှုကိုရရှိရန် မျှော်လင့်ပါကြောင်း ဖော်ပြရင်း မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဤဝမ်းနည်းကြောင်း သဝဏ်လွှာအား ပေးပို့အပ်ပါသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...