ဘူးသီးတောင်တွင် စစ်ကောင်စီက ဒရုန်းအသုံးပြုပစ်ခတ်၍ ၃ ဦးဒဏ်ရာရ၊ မြောက်ဦးတွင်လည်း ဒရုန်းတစ်စီးကို အေအေက ပစ်ခတ်ခဲ့ရ

ဘူးသီးတောင်တွင် စစ်ကောင်စီက ဒရုန်းအသုံးပြုပစ်ခတ်၍ ၃ ဦးဒဏ်ရာရ၊ မြောက်ဦးတွင်လည်း ဒရုန်းတစ်စီးကို အေအေက ပစ်ခတ်ခဲ့ရ
ဘူးသီးတောင်မြို့နယ်မှ လက်မောင်းတွင် ဒဏ်ရာရသူ တစ်ဦးကိုတွေ့ရစဉ်
ဘူးသီးတောင်မြို့နယ်မှ လက်မောင်းတွင် ဒဏ်ရာရသူ တစ်ဦးကိုတွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကျည်  တပ်ဆင်ထားသည့် ဒရုန်းဖြင့် ပစ်ခတ်၍ လူငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး မြောက်ဦးမြို့နယ်တွင်လည်း ဒရုန်းတစ်စီးပျံဝဲ၍ အေအေက ပစ်ခတ်ခဲ့ရသည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ်တွင် ယခုလ ၂၃ ရက် (ယမန်နေ့)က  ဖိုးခေါင်ချောင်း(မူဆလင်)ကျေးရွာရှိ စစ်ဘေးရှောင်များနေသည့် စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းက ပစ်ခတ်၍ ၃ ဦးဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းလည်းထိခိုက်ပျက်စီးသွားကြောင်း ဒေသခံမျက်မြင်များက ပြောကြားသည်။

ဒေသခံလူကြီးတစ်ဦးက " ဒရုန်းနဲ့ပစ်တာပါ။ မနေ့က နေ့လယ် ၁ နာရီမှာ ဂူတာပြင်ဘက်တပ်က ဒရုန်းလွှတ်ပြီး ပစ်တာလို့ ခန့်မှန်းရပါတယ်။ သုံးလုံးပစ်ပါတယ်။ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းကို ထိပါတယ်။ ဒဏ်ရာရတာကတော့ ငှက်ပျောချောင်းက စစ်ရှောင်နေတဲ့ တစ်ယောက်နဲ့ ဒီဖိုခေါင်ချောင်းရွာက နှစ်ယောက်ပါ။ ကျောင်းခေါင်မိုးလည်း ပျက်စီးသွားပါတယ်"ဟု ပြောသည်။

ဒဏ်ရာရရှိသူများမှာ ဘူးသီးတောင်မြို့ နယ်၊ ငှက်ပျောချောင်းရွာမှ ရခိုင် စစ်ဘေးရှောင် မောင်ဖြိုးသန်းချေ(၁၇နှစ်)နှင့်  ဖိုးခေါင်ချောင်း မူဆလင်ကျေးရွာမှ ကိုမာမောက်အဏ္ဍဝါ (၂၅နှစ်)နှင့်  ဦးကာလူ(၇၅နှစ်)တို့ ဖြစ်သည်ဟု ၎င်းက ပြောသည်။

နောက်ထပ် ဖိုးခေါင်ချောင်းကျေးရွာမှ မူဆလင်ရွာလူကြီးတစ်ဦးကလည်း လက်နက်တပ်ဆင်ထားသည့် ဒရုန်းဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊  ငှက်ပျောချောင်းကျေးရွာမှ အိမ်ထောင်စု ၃ စု၊ လူဦးရေ ၁၀ ခန့် ဖိုးခေါင်ချောင်း(မူဆလင်) ရွာစာသင်းကျောင်းတွင် စစ်ဘေးရှောင်ရန် ရောက်ရှိနေစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြု ပြောဆိုသည်။

" ဒရုန်းနဲ့ ၃ လုံးပစ်တာပါ။ ကျောင်းမှာ အုတ်နံရံမလို့ခံသာတာပါ။ မဟုတ်လို့က အမှုန့်ဖြစ်သွားလောက်တယ်။ ပထမဆုံးအကြိမ် ကိုယ်တိုင်ကြုံဖူးတာပါ။ အခုလို လုပ်တာတော့ တကယ်အံ့သြစရာကောင်းပါတယ်။ စာသင်ကျောင်းဖြစ်သလို အဲ့ဒီအချိန်မှာက စစ်ရှောင်တွေနေတဲ့ နေရာပါ။ အခုတွေ ရခိုင်စစ်ရှောင် တွေလည်း ကြောက်ပြီးနောက်တစ်ရွာကို ထွက်သွားကြပါပြီ။ ညနေ ၃ နာရီခွဲလောက်အထိကို လက်နက်ကြီးတွေပစ်တာတွေလည်း ရှိခဲ့ပါသေးတယ် "ဟု ပြောသည်။

မောင်ဖြိုးသန်းချေမှာ ဦးခေါင်း နှင့် လက်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး ကိုမာမောက်အန်နဝါမှာ ပခုံး၊ ခြေထောက်နှင့် လက်မောင်းသလို  ဦးကာလူမှာ လက်မောင်း၊ ပခုံးနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများရရှိခဲ့ကြသော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ လူနေ မြို့ထဲ၊ ရွာထဲများကို လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အနှံ့ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများရှိသလို ယခုတစ်ဖန် ဒရုန်းဖြင့်ပါ တိုက်ခိုက်လာ၍ အထူးစိုးရိမ်နေရကြောင်း ၎င်းကျေးရွာလူကြီးများက ပြောကြားသည်။  

အောက်တိုဘာ ၂၁ ရက်ကလည်း မြောက်ဦးမြို့ နယ်မြောက်ပိုင်း လင်းမြွေတောင်ဘက်တွင်ရှိသည့် ကျေးရွာတစ်ရွာ အနီးတွင်လည်း စစ်ကောင်စီ ဒရုန်းတစ်စီးပျံဝဲခဲ့၍ ရက္ခိုင့်တပ်တော်က ပစ်ခတ်ခဲ့ရသည်ဟု အရပ်သားများက ပြောသည်။

ဒေသခံ တစ်ဦးက “ အောက်တိုဘာ ၂၁ ရက် နံနက် ၁၁ နာရီကျော်ခန့်မှာ  စစ်တပ်ရဲ့ ထောက်လှမ်းရေး ဒရုန်းယာဉ် တစ်စီး …. ကျေးရွာတစ်ခုပေါ်က ပျံဝဲခဲ့ပါတယ်။  အေအေဖက်ကနေ သုံးချက် ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်က မိနစ်အနည်းငယ်ကြာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ခဲ့ပါတယ်”ဟု ပြောသည်။

ထိုသို့ လက်နက်ပစ်ခတ်သံများထွက်ပေါ်ခဲ့သဖြင့် ကျေးရွာသားများ ထွက်ပြေးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

" ဒရုန်းကို ပထမဆုံးပစ်တဲ့ကျည်သံတစ်ချက်ကတော့ အခြားကျည်သံတွေနဲ့ မတူပါဘူး။ နည်းနည်း ကွာပါတယ်။ ပထမတစ်ချက်ကအကျယ်ကြီးပါ။ နောက်နှစ်ချက်က လက်နက်ငယ် အသံပါ။ အဲဒီနောက် စစ်တပ်ကဘက်က လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ခဲ့တယ်။  ရွာကိုထိခိုက်မှုတွေတော့ မရှိပါ။ အဲဒီအချိန်တုန်းကတော့ ရွာသားတွေကလန့်ပြီး နည်းနည်းပါးပါး ထွက်ပြေးသွားကြတာတော့ရှိတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါနေ့က သင်းကျစ်တောင်ထက်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သလို အနည်းဆုံး ၃ နေရာမှ  ပစ်ခတ်ခဲ့မှုများ ရှိခဲ့သည်ဟု ဆိုသည်။

 

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...