ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာမှ ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီး တရားစွဲခံလူငယ် ၂ ဦး၏ အမှုတွင် တရားလိုဖြစ်သူ ဇင်ချောင်းရဲစခန်းမှူးသည် ရုံးချိန်း (၈) ကြိမ်တိုင်တိုင် ပျက်ကွက်နေသည်ဟု သတင်းရရှိသည်။
ယမန်နေ့ ရုံးချိန်းတွင်လည်း ပျက်ကွက်ခဲ့ကြောင်း၊ ထိုသို့ ပျက်ကွက်နေခြင်းမှာ လုံခြုံရေး အကြောင်းပြချက်ဖြင့် ပျက်ကွက်နေခြင်းဖြစ်ပြီး ရုံးချိန်း ၈ ကြိမ် အထိ ပျက်ကွက်၍ ၎င်းလူငယ် ၂ ဦးအတွက် နစ်နာမှုရှိနေသည်ဟု ၎င်းတို့၏မိသားစုဝင်များက ပြောသည်။
မိသားစုဝင်တစ်ဦးက "တိတိကျကျ ရှေ့ကိုလာပြီး ထွက်ပေးစေချင်ပါတယ်။ အပြစ် မရှိရင်လည်း လွှတ်ပေးစေချင်ပါတယ်။ အခုလိုအကြိမ်ကြိမ် ရုံးချိန်းပျက်ကွက်နေတော့ မိသားစုဝင်တွေ အတွက်ရော၊ တရားစွဲခံနေရတဲ့ လူငယ်တွေအတွက်ရော နစ်နာမှုရှိနေတယ်။ တရားရုံးအနေနဲ့လည်း တရားလို ဒီလိုပျက်ကွက်နေတဲ့ အပေါ်မှာ တရားဥပဒေနဲ့ အညီ ဆောင်ရွက်သင့်ပါတယ်” ဟု ပြောသည်။
၎င်းလူငယ်နှစ်ဦးမှာ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာနေ ကိုစိုင်းဝဏ္ဏကျော် (၂၈ နှစ်)နှင့် ကိုထွန်းထွန်းဇော် (၂၀ နှစ်)တို့ဖြစ်ပြီး မူရွင်းကျေးရွာတွင် ပန်းရံလုပ်ငန်းလုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။
မိသားစုအနေဖြင့် တရားရုံးထုတ်သည့် နေ့တိုင်း ခရီးဝေးက လာရသလို တရားလို မရောက်၍ အမှုမစစ်ရသဖြင့် အချိန်နှင့် ငွေကုန်ကြေးကျများ နေရကြောင်း၊ မိဘများအနေဖြင့်လည်း သက်ကြီးရွယ်အိုများဖြစ်နေ၍ လူပင်ပန်း စိတ်ပင်ပန်းဖြစ်နေရကြောင်း၊ အဖမ်းခံရထားရသူများ အနေဖြင့် နစ်နာဆုံးရှုံးမှုများရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
၎င်းတို့နှစ်ဦးကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း ယင်းရုံးချိန်းတွင် စစ်ဆေးရမည့် တရားလို မရောက်၍ အောက်တိုဘာ ၂၈ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်ဟု သိရသည်။
အဆိုပါတရားလိုဇင်ချောင်းရဲစခန်းမှူးသည် လုံခြုံရေးအခြေအနေကို အကြောင်းပြ၍ ရုံးချိန်းပျက်ကွက်နေသည်မှာ ၈ ကြိမ်တိုင်တိုင်ရှိနေပြီဖြစ်ပြီး တိကျသည့်သက်သေကို ရုံးချိန်းကိုလာ၍ ထွက်ဆိုစေချင်ကာ အဆိုပါသက်သေမရှိပါက ပြန်လွှတ်ပေးစေချင်ကြောင်း ၎င်းတို့၏ မိသားစုဝင်တစ်ဦးက ပြောသည်။
၎င်းတို့ ၂ ဦးသည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာသို့ လုပ်ငန်းသုံးပစ္စည်းဝယ်ရန်လာစဉ်တွင် ဇင်ချောင်းရဲစခန်းရှေ့ရှိ လုပ်ငန်းသုံး ပစ္စည်းရောင်းသည့်ဆိုင်မှဝယ်အပြီး ယင်းအနီး ကွမ်းယာဆိုင်၌ ကွမ်းဝယ်စားနေစဉ် ရဲသား ၅ ဦးခန့်က မသင်္ကာ၍စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဇင်ချောင်းရဲစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ထို့နောက် ဇင်ချောင်းရဲစခန်း၌ ဇွန်လ ၂၅ ရက်၊ နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦးနှင့် မိသားစုဝင်များ တွေ့ခွင့်ရခဲ့ပြီး ညနေပိုင်း ကျောက်ဖြူမြို့တပ်ရင်းတစ်ခုသို့ ခေါ်ဆောင်သွားကာ နှစ်ရက်ကြာ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အားထိန်းသိမ်းထားသည့် ကျောက်ဖြူအကျဉ်းထောင် အတွင်း ရေမသန့်ရှင်းမှုကြောင့် အရေပြားရောဂါများလည်း ဖြစ်ပေါ်နေပြီး ဆေးဝါးများလည်း လုံလောက်မှုမရှိဖြစ်နေကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။
"ဖျားနာတာ၊ ခေါင်းကိုက်တာတွေ အမြဲလိုလိုဖြစ်နေပါတယ်။ ကျန်းမာရေးကို စိတ်မချဖြစ်နေပါတယ်" ဟုပြောသည်။
အဆိုပါလူငယ်နှစ်ဦးအနက် ကိုစိုင်းဝဏ္ဏကျော်သည် မူရွင်းကျေးရွာတွင် လူပျိုကာလသားခေါင်းဆောင်ဖြစ်ကာ သာရေး၊ နာရေးကိစ္စများတွင် ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ကိုထွန်းထွန်းဇော်မှာ ဆယ်တန်းအောင်၍ တက္ကသိုလ်တက်ရန် ပြင်ဆင်နေသူတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့အကြား စစ်ရေးအခြေအနေ တင်းမာလျက်ရှိနေကာ ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။







