AA ကိုသတင်းပို့သည်ဟုဆိုကာ အမ်းတွင် အရပ်သား ၁ ဦးကို ရိုက်နှက်ဖမ်းဆီး

AA ကိုသတင်းပို့သည်ဟုဆိုကာ အမ်းတွင် အရပ်သား ၁ ဦးကို ရိုက်နှက်ဖမ်းဆီး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ သရက်ပြင်ချောင်းကျေးရွာမှ အရပ်သား ၁ ဦးကို AAအား သတင်းပို့သည်ဟုဆိုကာ စစ်ကောင်စီတပ်က စွပ်စွဲ ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်သွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူမှာ အမ်းမြို့နယ်၊ သရက်ပြင်ချောင်းကျေးရွာနေ ဦးကိုကိုနိုင်(၂၇) နှစ်ဖြစ်သည်။

သူ့ကို အောက်တိုဘာ ၂၀ ရက် နေ့လယ် ၂ နာရီကျော်ခန့်က သူ့နေအိမ်မှ  ရှောက်ခြုံရွာဝင်ဝတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သူနှင့်နီးစပ်သူတစ်ဦးကပြောသည်။

“ရှောက်ခြုံရွာဝင်ဝမှာ ရှိတဲ့ စစ်သားတွေကဖမ်းသွားတာ။ အင်အားက ၂၀ ကျော်ပါတယ်။ ရိုက်နှက်ပြီးတော့ ဖမ်းခေါ်သွားတာ” ဟုပြောသည်။

ဦးကိုကိုနိုင်ကို ရက္ခိုင့်တပ်တော်(AA)ကို သတင်းပေးပို့သည်ဟုဆိုကာ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“သွားတွေ့တော့ တွေ့ခွင့်မရခဲ့ဘူး။ သူ့ကို သတင်းပေးတယ်ဆိုပြီးတော့ ဖမ်းထားတာလို့ပြောတယ်။ သူ့အဖေဆို သားအဖမ်းခံရလို့ ထမင်းတောင် မစားဘူး” ဟုပြောသည်။

နောက်ထပ် မိသားစုဝင် အမျိုးသမီးတစ်ဦးက “သူက အေအေကို သတင်းပို့တယ်လို့လည်း မကြားမိပါဘူး။ အမှန်တရားကိုတော့ဖြစ်စေချင်တယ်။ သူလုပ်ခဲ့တဲ့ ပြစ်ဒဏ်ရှိရင် အမှန်တရားကိုတော့ ဖြစ်စေချင်တယ်။ အသက်တစ်ချောင်းကိုတော့ လွတ်စေချင်တယ်။ ဘာမှ မသိဘဲ သတ်ပစ်လိုက်မှာကြောက်တယ်။ သူ့အပြစ်လုပ်ထားလို့ ဖမ်းတယ်ဆိုရင်လည်း ဖမ်းပါ။  အသက်တစ်ချောင်းကိုတော့ လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်။ အမှန်တရားကိုတော့ ဖြစ်စေချင်တယ်” ဟုပြောသည်။

သူသည် သရက်ပြင်ချောင်းကျေးရွာတွင် လယ်လုပ်စားနေသူဖြစ်ပြီး ဇနီးဖြစ်သူနှင့် ၂ နှစ်အရွယ်သမီးတစ်ဦးနှင့် ၉ လအရွယ် သားတစ်ဦးရှိသည်ဟု သိရသည်။

အမ်းတွင် အောက်တိုဘာ ၁၉ ရက်ကလည်း အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့ ဖမ်းဆီးခံခဲ့ရပြီး  အောက်တိုဘာ ၁၆ ရက်ကလည်း အမ်းမြို့နယ်၊ မွှားကျေးရွာအုပ်စု၊ ဟင်းရွက်ကျေးရွာတွင် ဆိုင်ရောင်းနေသည့် အသက် (၄၁) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့သေးသည်။

ယင်းအပြင် အောက်တိုဘာ ၁၄ ရက်ကလည်း အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ တောင်မော်ရွာမှ ULAတိုက်နယ်မှူး အဆင့်ရှိသူ တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး ပြီးနောက် သတ်ဖြတ်ပစ်ခဲ့ကြသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...