ရမ်းဗြဲတွင် ဒေသခံ ၁၈ ဦးအထိ အဖမ်းခံထားရ၊ သာမန်အရပ်သားများကိုလည်း AA အမည်တပ်ဖမ်းဆီးကာ ကျပ်သိန်း ၂၀အထိ ငွေညစ်တောင်းခံမှုများရှိနေ

ရမ်းဗြဲတွင် ဒေသခံ ၁၈ ဦးအထိ အဖမ်းခံထားရ၊ သာမန်အရပ်သားများကိုလည်း AA အမည်တပ်ဖမ်းဆီးကာ ကျပ်သိန်း ၂၀အထိ ငွေညစ်တောင်းခံမှုများရှိနေ
ရမ်းဗြဲမြို့အတွင်းလှည့်လည်နေသည် စစ်ကောင်စီတပ်သားများ
ရမ်းဗြဲမြို့အတွင်းလှည့်လည်နေသည် စစ်ကောင်စီတပ်သားများ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် စစ်ကောင်စီက စက်တင်ဘာလ ၂၁ ရက်မှစ၍ တစ်လအတွင်း ဒေသခံ ၁၈ ဦးအထိ ဖမ်းဆီးထားပြီး၊ တချို့ အရပ်သားများကို အေအေ အမည်တပ်ဖမ်းဆီးကာ ခြိမ်းခြောက် ငွေညစ်တောင်းခံမှုများရှိနေသည်ဟု သတင်းရရှိသည်။

“  အခုက ရမ်းဗြဲမှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ အေအေနဲ့ မဆက်စပ်တဲ့ သူတွေကိုရော တယောက်ယောက်က သတင်းအမှားပေးရင် လိုက်ဖမ်းတယ်။ အဲဒီအထဲက ငွေပေးနိုင်တဲ့ သူတွေကိုကျတော့ သူတို့ စျေးညှိနိုင်းတယ်။ တတ်နိုင်၊ မတတ်နိုင်သူတွေကို ကြည့်ပြီး ငွေ ၈ သိန်းကနေ သိန်း ၂၀ ထိ ငွေညစ်တယ်။ ပြန်လွှတ်ဖို့ ဒီလိုမျိုးဖြစ်နေတယ်” ဟု ပြောကြားသည်။

ယခုလ ၉ ရက်နေ့က ၁၅ ရက်နေ့ထိ ဖမ်းဆီးခံထားရသူ (၁၈) ဦးရှိပြီး ၎င်းတို့အထဲမှတချို့ကို ပြန်ထုတ်ရန် ညှိနိုင်းနေရသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက "သူ့ကို ရမ်းဗြဲ ရဲစခန်းထဲမှာ ထားပါတယ်။ သူ့ကိုပြန်ထုတ်ဖို့ ညှိနေပါတယ်'' ဟု နိရဉ္စရာသို့ပြောသည်။

အဆိုပါဖမ်းဆီးခံထားရသူများမှာ စက်တင်ဘာလ ၉ ရက်နေ့က ကိုအောင်ထွန်းလင်း(တန်းနားပြင်)၊ ကိုသက်ခန့်ဇော်(အင်းတောင်)၊ အောက်တိုဘာလ ၁၀ ရက်တွင် စနဲမြို့မှ ဦးဟန်ထွန်း၊ ဦးအောင်ကျော်ဝင်း၊ဦးဧပြီကျော်၊ ဦးခေါင်းချွန်း၊ အောက်တိုဘာလ ၁၅ ရက်က ဦးကျော်မင်းဟန်(အင်းတောင်)၊ ကိုပြည့်ဖြိုးအောင်(အင်းတောင်)၊ ဦးစံလင်း(အင်းတောင်)၊ ကိုမျိုးမင်း(လောင်းချောင်း)၊ ကိုကိုအောင်(အမှတ် ၄၊ရမ်းဗြဲ)၊ မောင်မျိုးထက်အောင် (အမှတ်၆ ၊ ရမ်းဗြဲ)၊ဦးခင်မောင်ရွှေ (ရွာသင်္ဘောဆိပ်)၊ ဦးသက်နိုင်ထွန်း(အမှတ်၆ ၊ ရမ်းဗြဲ)၊ ကိုမင်းထက်လွင် (ရမ်းသစ်ချေ)၊ ဦးထွန်းထွန်းအောင်(အင်းတောင်)၊အောက်တိုဘာလ ၁၅ ရက်က ဦးစိုးနိုင်(တန်းနားပြင်)၊ မောင်နိုင်လင်းဦး (တန်းနားပြင်)တို့ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထားများအထဲတွင် ဘာမှ ပြစ်မှုကျူးလွန်သူများ မပါသလို အေအေနှင့် ဆက်စပ်မှု မရှိသူများလည်း ပါဝင်ကြောင်း၊ သတင်းအမှားများဖြင့် ဖမ်းဆီးထားသူများလည်း ပါဝင်ကြောင်း၊ ထိုသို့ သံသယဖြစ်စရာ အကြောင်း မရှိသူများကို ပြန်လွှတ်ပေးရန် သင့်သော်လည်း ငွေညစ်မှုများရှိနေသဖြင့် ငွေကြေးမတတ်နိုင်သူများအနေဖြင့်  အထူး စိုးရိမ်စရာဖြစ်နေကြောင်း ပြောသည်။

''ပြန်လွှတ်ပေးတဲ့လူတွေဆီက တတ်နိုင်တဲ့အပေါ်မူတည်ပြီး ၈ သိန်းကနေ ၂၀ အထိတောင်းတာ ရှိတယ်။ သူတို့သံသယ မဖြစ်တဲ့သူတွေကိုပေါ့။ ဖမ်းပြီးငွေညှစ်တာ။ အခုလည်း မြို့ထဲမှာ စစ်ချင်သလို စစ်ဖမ်းချင်သလို ဖမ်းနေတာ။ ကိုယ့်အိမ်မှာကိုယ်နေပြီး မလုံခြုံတော့ဘူး။ သူတို့က ဓားပြတိုက်တာထက်ဆိုးနေပြီ။ နေ့တိုင်း သူတို့ကို ကြောက်နေရတယ်'' ဟု နိရဉ္စရာသို့ ပြောသည်။

ယခုလက်ရှိ ဖမ်းဆီးခံထားရသူ (၁၈) ဦးအပြင် တစ်ခြား ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ် ငွေ ၈ သိန်းကနေ ကျပ် ၂၀ သိန်း အထိ ငွေတောင်းယူပြီး ပြန်လွှတ်ပေးမှုများလည်း ရှိနေသည်ဟု ၎င်းက ပြောသည်။

ရမ်းဗြဲမြို့၊လောင်းချောင်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးကလည်း ''ဧည့်စာရင်း လာစစ်တယ်ဆိုပြီး လူတွေကို အသားလွတ် ဖမ်းနေတော့ခက်တာပေါ့။ ဘာမှ မဟုတ်ဘဲ ဖမ်းတယ်။ ပြီးရင် ငွေညှစ်ပြီး ပြန်လွှတ်တယ်။ သူတို့ကို ရမ်းဗြဲကထွက်စေချင်ပြီး အေအေကို တိုက်ချင်ရင် တောထဲမှာတိုက်ပေါ့ ။ ဒီမှာ မြို့ထဲမှာက အေအေမရှိဘူး။ အရပ်သားတွေပဲ ဒုက္ခပေးမနေနဲ့'' ဟု နိရဥ္စရာသို့ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများမှ တစ်ချို့မှ ပြန်လည်လွတ်မြောက် လာသော်လည်း စစ်ကောင်စီက ဘာမှမပြောရန် နုတ်ပိတ်ထားကြောင်း နီးစပ်သူများက ဆိုသည်။

''ဘာမှ မပြောဖို့နုတ်ပိတ်ထားတယ်။ ဘာအာမခံမှ မရှိဘူး။ ပြန်အဖမ်းမခံချင်ရင် စစ်တပ်က သူတို့စကားပဲ နားထောင်ရမယ်။ ဒီလို ခြိမ်းခြောက်ထားတယ်'' ဟု နိရဉ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ ၁၅၀ ခန့်အထိရှိနေပြီး တချို့ကို ပုဒ်မ ၅၀၅(က)(ခ)၊ ၁၇(၁)တို့ဖြင့်တရားစွဲဆိုထားသည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...