ရခိုင်သို့ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီကပိတ်ပင်ထား၍ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်နေသဖြင့် ကုန်သည်ကြီးများ အသင်းမှတစ်ဆင့် ဆေးဝါးသယ်ယူခွင့်ပြုရန်တောင်းခံ

ရခိုင်သို့ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီကပိတ်ပင်ထား၍ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်နေသဖြင့် ကုန်သည်ကြီးများ အသင်းမှတစ်ဆင့် ဆေးဝါးသယ်ယူခွင့်ပြုရန်တောင်းခံ

စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းသို့ ဆေးဝါးသယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စစ်တွေမြို့ အပါအဝင် မြို့အတော်တော်များရှိ ဆေးဆိုင်များတွင် ဆေးရောင်းချရန် တစ်ပတ်စာခန့်မျှပင် မရှိတော့ပြီဖြစ်၍ ရခိုင်ဆေးကုမ္ပဏီများနှင့်ဆေးဆိုင်များက ဆေးဝါးသယ်ယူခွင့်ရရှိရန် ကုန်သည်ကြီးများအသင်းမှတစ်ဆင့် ခွင့်ပြုချက် တောင်းခံနေသည်ဟု သတင်းရရှိသည်။

"ရခိုင်ဆေးဆိုင်အားလုံးမှာ ဆေးကပြတ်လပ်နေပြီ။ ရောင်းချဖို့ တစ်ပတ်စာတောင်မကျန်တော့ဘူး။ ရခိုင်ပြည်သူ ပြည်သားတွေအတွက် ဆေးကိုဘယ်လို တင်သွင်းပြီး ဘယ်လို အကူအညီရမလဲဆိုတာကို ကုန်သည်ကြီးများအသင်းကနေတစ်ဆင့် အကူညီတောင်းခံမယ်။ ဒီနေ့ပဲတောင်းခံစာကို ကုန်သည်ကြီးများအသင်းကို တင်ပါမယ်" ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြသည်။

ရခိုင်ပြည်တွင် ဆေးဝါးပြတ်လပ်နေပြီး ဆေးရုံ၊ ဆေးခန်းများနှင့်  သုံးစွဲသူပြည်သူများပါ အခက်အခဲ ဖြစ်နေပြီဟုသိရသည်။  

လက်ရှိတွင် ရန်ကုန်မှအဆိုပါဆေးဝါးသယ်ယူခွင့်ရရှိရန်အတွက် ကုန်သည်ကြီးများအသင်းသို့ ရခိုင်ဆေးကုမ္ပဏီများနှင့် ဆေးဆိုင်များက ယနေ့အောက်တိုဘာလ ၂၁ရက်နေ့တွင် ပို့ပေးမည်ဖြစ်ပြီး စာထဲတွင်  " ရခိုင်သို့ ရန်ကုန်မှဆေးဝါးသယ်ယူခွင့်မရဖြစ်နေသောကြောင့် ဆေးပြတ်

လပ်တော့မည်ဖြစ်ပါကြောင်း၊ စားသုံးသူပြည်သူများအတွက်ရည်ရွယ်လျှက် ဆေးဝါးသယ်ယူခွင့်ရရှိရန် ကူညီဆောင်ရွက်ပေးစေလိုကြောင်း”  စသဖြင့် ရေးသားထားသည်ဟု သိရသည်။

ထိုသို့ကူညီတောင်းခံမည်ဖြစ်သော်လည်း ကုန်သည်ကြီးများအသင်းက ကူညီမပေးဆိုပါက ရခိုင်ပြည်တွင် ဆေးဝါးပြတ်လပ်မှုမှာ အထူးဆိုးရွားသွားဖွယ်ရှိသည်ဟု ဆေးဝါးလုပ်ငန်းရှင်များက ပြောသည်။

"မပြောတတ်သေးဘူး။ ဆေးဝါးသယ်ယူခွင့်ကို အစိုးရဆီက ခွင့်ပြုချက်ပါပြီးမှ သယ်လို့ရမှာ။ သူတို့ဆီက ခွင့်ပြုချက်ရပြီးမှပဲ။ ရသည်ဖြစ်စေ။ မရသည်ဖြစ်စေ။ ကျွန်တော်တို့ကတော့ တောင်းဆိုထားတာပဲ။ သယ်ယူခွင့်ရ မရကိုတော့ ကျွန်တော်တို့မသိရသေးဘူး။ ပြည်သူတွေ သုံးစွဲဖို့ဆေးတွေပြတ်လပ်နေပြီ။ အခက် အခဲရှိတယ်။ လုံလုံလောက်လောက်မရှိတော့ဘူး။ တစ်ပတ်စာ လောက်တောင် မရှိတော့ဘူး" ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ရခိုင်သို့ ဆေးဝါးသယ်ယူခွင့်ကို မြန်မာစစ်တပ်က တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားသဖြင့် ဆေးဝါးများရှားပါးမှု၊ စျေးကြီးမြင့်မှု ဒဏ်ကို ရခိုင်ပြည်သူများ ခံစားနေကြရသည်။  

၎င်းအပြင် ရခိုင်တွင် အထူးသဖြင့်ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်း မြို့နယ်များသို့ ဆေးဝါးများ တင်သွင်းခွင့်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့က စတင်ပိတ်ထားပြီး အမ်းမြို့ရှိ  စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ဆေးဝါးများ တင်သွင်းခွင့်ကို ခွင့်မပြုတော့ကြောင်း ဆေးဆိုင်ပိုင်ရှင်များမှ တစ်ဆင့်သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...