ကော့ကရိတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များက တနှစ်စာ လျှပ်စစ်မီးတိုင်ပြုပြင်ထိန်းသိမ်းခဟုဆိုကာ အောက်တိုဘာလအတွင်း အိမ်ခြေတစ်လုံးလျှင် ၂၄၀၀၀ကျပ်စီကောက်ခံနေကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၀ရက်နေ့က ပျက်စီးသွားသည့် လျှပ်စစ်မီးတိုင်များကို အောက်တိုဘာလ ၁၂ရက်နေ့တွင် ပြုပြင် ပြီးစီးခဲ့ပြီးနောက်ပိုင်း ယခုလို ပြုပြင်ထိန်းသိမ်းခအတွက် အိမ်တိုင်း ကောက်ခံနေကြောင်း မြို့ခံများက ပြောဆိုသည်။ "တစ်အိမ်ကို၂၄၀၀၀ ပေးရတယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ပေးရမှာကို ပြည်သူတွေက ပေးနေရတယ်။ မပေးရင်လည်း ကြောက်နေရတော့ ပြည်သူတွေအားလုံးတော့ မပေးချင်ဘဲ ပေးနေရတယ်။"ဟု ကော့ကရိတ်မြို့ခံ ပြည်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အောက်တိုဘာလ ပထမပတ်က မြို့နယ် မီးလင်းရေးအဖွဲ့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူတွေ့ဆုံပြီး အဆိုပါသတ်မှတ်နှုန်းထားဖြင့် ငွေကောက်ခံရန် ညွှန်ကြားခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများထံမှ သိရသည်။
အမည်မဖော်လိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက "ပြီးခဲ့တဲ့အပတ်က ချောင်းတောင်ကျောင်းမှာ အစည်းအဝေး ခေါ် တယ်။ မီးတိုင်ပြုပြင်ခအတွက် ကောက်ခိုင်းတယ်။ သူတို့(ထွေအုပ်၊ EPC)တွေတော့ ကိုယ်တိုင်မကောက်ဘူး။ ငါတို့ပဲ ကောက်ပေးရတယ်။" ဟုလည်း ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်မြို့တွင် အောက်တိုဘာလ ၁၇ရက်နေ့က စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ဆက်လက်၍ လျှပ်စစ် မီးပြုပြင်ထိန်းသိမ်းခကို ကောက်ခံနေဆဲဖြစ်ကြောင်း၊ တချို့အုပ်ချုပ်ရေးမှူးများမှာ ကိုယ်တိုင် လိုက်လံကောက်ခံသူ များရှိသော်လည်း တချို့မှာ ၎င်းတို့နေအိမ်သို့သွားရောက်ပေးဆောင်ခိုင်းကြောင်း ငွေကောက်ခံရန် တာဝန်ပေးခံရသူ တစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက "အခု ကောက်ခံတာက အဖွဲ့တွေ တရားဝင် ဖွဲ့စည်းတာလည်း မရှိဘူး။ သက်သက်လုပ်စားမှာလည်း စိုးတယ်။ ဒါကြောင့် ပြည်သူတွေ အိမ်မှာ လိုက်လံမကောက်ခံဘူး။ ငါ့အိမ်မှာပဲ လာထည့်ခိုင်းတယ်။ လာထည့်ချင်လည်းထည့်၊ မ ထည့်ချင်လည်း နေပေါ့။ အိမ်မှာလိုက်ကောက်ရင် မျက်နှာပူပြီး ထည့်ပေးမှာစိုးလို့။"ဟု ပြောသည်။
ယင်းသို့ လျှပ်စစ်မီးပြုပြင်ထိန်းသိမ်းခ တနှစ်စာ ကောက်ခံမှုကို မြို့နယ်ထွေအုပ်နှင့် လျှပ်စစ်ရုံး(EPC)တို့က တရားဝင် စာထုတ်ညွှန်ကြားခြင်းမရှိသဖြင့် ကောက်ခံရန် မလုပ်ဆောင်ရဲသေးကြောင်း ထိုအခြေအနေကို သိရှိနေသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့ထံမှ သိရသည်။
ကော့ကရိတ်မြို့တွင် ရပ်ကွက်(၇)ရပ်ကွက်ရှိပြီး အိမ်ခြေပေါင်း ခြောက်ထောင်ကျော်မှာ လျှပ်စစ်မီတာပုံးများ တပ်ဆင် ထားရှိကြောင်း CDM လုပ်ထားသည့် ကော့ကရိတ်မြို့မှ အုပ်ချုပ်ရေးရုံးဝန်ထမ်းများ၏ ပြောပြချက်များအရ သိရသည်။







