ရခိုင်ပြည် မြောက်ပိုင်းက မြို့နယ်အများအပြားတွင် ရေလမ်းခရီးသွားလာခွင့် ပိတ်ပင်ခံထားရ

ရခိုင်ပြည် မြောက်ပိုင်းက မြို့နယ်အများအပြားတွင် ရေလမ်းခရီးသွားလာခွင့် ပိတ်ပင်ခံထားရ

(အသွားအလာကန့်သတ်ခံထားရသည့် ရခိုင်ပြည် မြောက်ဘက်ပိုင်းက မြို့နယ်အများအပြားတွင် ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ စားနပ်ရိက္ခာ ရှားပါးမှုများနှင့် ကြုံတွေ့လာရနိုင်သည်)

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား စစ်ရေးအရှိန် မြင့်တက်လာနေသည့် ရခိုင်ပြည် မြောက်ဘက်ပိုင်းက မြို့နယ်အများအပြားတွင် ကုန်းလမ်းမှ သွားလာခွင့်ကန့်သတ်ခံရမှုများအပြင် ရေလမ်းခရီးသွားလာခွင့်များကိုပါ မြန်မာစစ်တပ်က ကန့်သတ်ပိတ်ပင်မှုများ ရှိလာနေသည်။

တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းမှစတင်ကာ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်း၊ အငူမော်-မောင်တောကားလမ်း၊ ရေချမ်းပြင်-အငူမော်လမ်းတို့ကို မြန်မာစစ်တပ်က သွားလာခွင့်ကန့်သတ်ထားခဲ့သည်။

ယင်းအပြင် ရခိုင်ပြည်တွင် အကျယ်ပြန့်ဆုံး ရေယာဉ်လိုင်းတစ်ခုဖြစ်သည့် ရွှေပြည်တန်အမြန်ရေယာဉ်မှာလည်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် စစ်တွေ-မင်းပြား၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ရသေ့တောင်- ဘူးသီးတောင် ခရီးစဉ်တို့ကို စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ ယနေ့အထိ ရပ်နားထားသည်။

ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ ပြေးဆွဲနေသည့် စစ်တွေ-ပေါက်တောခရီးစဉ်ကိုလည်း အောက်တိုဘာလ ၁၉ ရက်နေ့မှစ၍ ပြေးဆွဲခွင့် ကန့်သတ်လိုက်သည်။

“ဘာကြောင့် ပိတ်လိုက်တယ်ဆိုတာ မသိဘူး။ မန်နေဂျာက အကြောင်းကြာလာလို့ ပိတ်လိုက်တာဖြစ်ပါတယ်။ ဘယ်နှစ်ရက်အထိ ပိတ်တာလည်း မသိရသေးဘူး”ဟု ပေါက်တောမြို့နယ် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။

ကျေးရွာပေါင်း ၁၇၉ ရွာရှိသည့် ပေါက်တောမြို့နယ်မှ ကျေးရွာအများစုမှ ဒေသခံများမှာ စစ်တွေမြို့သို့သွားလာကာ ကုန်ရောင်း၊ ကုန်ဝယ်ပြုလုပ်ကြပြီး လက်ရှိမှာ သွားလာခွင့်ကန့်သတ်ခံရမှုကြောင့် အဘက်ဘက်မှ ခက်ခဲလာနိုင်ကြောင်း ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ ဦးမောင်မောင်ကပြောသည်။

“သွားလာရေးတွေမှာ အခက်ခဲရှိလာမှာပေါ့။ စီးပွားရေးနဲ့ဖြစ်ဖြစ် လူမှုရေးနဲ့ဖြစ်ဖြစ် သွားလာဖို့အခက်ခဲရှိသွားမယ်။ ကုန်သည်တွေလည်း ဒုက္ခရောက်မယ်။ ရွှေပြည်တန်နဲ့ဆိုရင် ၅၀၀၀ ပဲရှိတယ်။ ရွှေပြည်တန် မထွက်တော့ဘူးဆိုတော့ စက်လှေငှားသွားရင် လေးငါးသောင်းပေးရတယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် ပေါက်တောမြို့နယ်မှ စစ်တွေမြို့သို့ ပြေးဆွဲသွားလာနေသည့် ခရီးသည်တင်စက်လှေများကိုလည်း ပြေးဆွဲမှုရပ်တန့်ထားရန် မြန်မာစစ်တပ်က သတိပေးထားကြောင်း စက်လှေပိုင်ရှင်များထံမှ သိရသည်။

ပေါက်တောမြို့နယ် င/ပြီတက်ကျေးရွာမှ ရေလုပ်ငန်းလုပ်ကိုင်သည့် ဦးထွန်းတင်က “အမြန်ရေယာဉ်ကတော့ ပေါက်တောမြို့ မြို့ပေါ်ကလူတွေက အဓိကအားထားနေရတာ ဖြစ်ပါတယ်။ လိုင်းဘုတ်တွေကကျတော့ ပေါက်တောမြို့နယ် ကျေးရွာတွေက ပြည်သူတွေက အဓိကအားထားနေရတာ ဖြစ်တဲ့အတွက် အဲဒီလိုင်းဘုတ်တွေကိုပါ သွားလာခွင့်ကို မပိတ်စေချင်ပါဘူး။ အဲဒီလို သွားလာခွင့်ကို ပိတ်ထားလိုက်ရင် ကျေးရွာတွေကဒေသခံတွေမှာ အဘက်ဘက်က ဒုက္ခရောက်ကြရမှာဖြစ်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်မြောက်ပိုင်းမှ မြို့နယ်အများအပြားကို ခရီးသည်တင်ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်အပြင် အောင်တံခွန်သင်္ဘောများမှာလည်း လက်ရှိတွင် ရပ်တန့်ထားသည်။

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...
April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...