ပေါက်တော သဲခုံကျွန်းအနီး ကျောက်ချရပ်ထားသည့် စစ်ကောင်စီဇက်ရေယာဉ်က ခရီးသွားရေယာဉ်များကို ဆန်အပါအဝင် စက်သုံးဆီနှင့် စားဆီများသယ်ဆောင်မှုအား ကန့်သတ်၊ ငွေကြေးတောင်းခံမှုများလည်း ရှိနေဟုဆို

ပေါက်တော သဲခုံကျွန်းအနီး ကျောက်ချရပ်ထားသည့် စစ်ကောင်စီဇက်ရေယာဉ်က ခရီးသွားရေယာဉ်များကို ဆန်အပါအဝင် စက်သုံးဆီနှင့် စားဆီများသယ်ဆောင်မှုအား ကန့်သတ်၊ ငွေကြေးတောင်းခံမှုများလည်း ရှိနေဟုဆို

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ သဲခုံကျွန်းအနီးတွင် ကျောက်ချ ရပ်နားနေသည့် စစ်ကောင်စီဇက်ရေယာဉ်သည် ၎င်းတို့အနီးခရီးသွားလာသည့် ရေယာဉ်များတွင် ဆန်အပါအဝင် စက်သုံးဆီနှင့် စားဆီများသယ်ဆောင်မှုအား အကန့်အသတ်ဖြင့်သာ သယ်ဆောင်ခွင့်ပေးပြီး ငွေကြေးတောင်းခံမှုများလည်း ရှိနေသည်ဟု ဒေသခံခရီးသွား ပြည်သူများကပြောသည်။

လွန်ခဲ့သည့်ရက်ပိုင်းမှစတင်ကာ ပေါက်တောမြို့နယ် အနောက်ဖရုံကာကျွန်း အထဲတွင် ပါဝင်သည့် သဲခုံကျွန်း၊ ဆင်တက်မော်ကျွန်းနှင့် မြေငူကျွန်းမှ သွားလာနေကြသည့် စက်လှေများမှာ အဆိုပါစစ်ဇက်ရေယာဉ်၏ စစ်ဆေးမှုကို တင်းကျပ်စွာ စစ်ဆေးခံနေရပြီး ဆန်၊ စက်သုံးဆီနှင့် စားသုံးဆီများကိုလည်း အကန့်အသတ်နှင့်သာ သယ်ဆောင်နေရကာ ကန့်သတ်ထားသည်ထက် ပိုမိုတင်ဆောင်လာပါက အခွန်ငွေပေးဆောင်နေရကြောင်း စစ်ဆေးခံခဲ့ရသူ အချို့က ပြောသည်။

"ဆန်အိတ်တွေကို ၅ အိတ်ထက် ပိုမတင်ရဘူး။ ၅ အိတ်ထက်ပိုတင်လို့ရှိရင် သူတို့ဆီကို အခွန်ဆောင်ရမယ်ပြောတယ်။ ဆီတွေကိုဆိုရင်လည်း ကန့်သတ်ချက်တွေနဲ့ သယ်ရမယ် ပြောတယ်။ နေဗီဇက်ရေယာဉ်တစ်စီးနဲ့ စစ်နေတာပါ။ သူ့တို့ကအချိန်ပြည့် ကျောက်ချပြီး နေတာဆိုတော့ အဝင်အထွက်စက်လှေတွေ ဘယ်အချိန်သွားသွားစစ်တယ်။ လှေပေါ်ပါတဲ့ သူစာရင်းတွေလည်း စစ်တယ်။ ဆင်တက်မော်လှေတို့၊ စိုးမဲကျီလှေတို့ဆိုရင် ပိုစစ်တယ်။ ဆံတော်ရှင်ကို သွားတဲ့လမ်းမှာ စစ်တာလေ" ဟုပြောသည်။

ထို့အပြင် စစ်ဆေးခံရသည့် တစ်ချို့စက်လှေများမှလည်း ဆန်တစ်အိတ်ကို ၁၀၀၀ ကျပ်၊ စက်သုံးဆီ ၁၅ ဂါလံတစ်ဘူးကို ၁၅၀၀ ကျပ်နှုန်း စသည်ဖြင့် တောင်းခံမှုများလည်း ရှိနေပြီး ကုန်ဆိုင်များတွင် ပြန်လည်ရောင်းချရန်အတွက် ဆန်အိတ်များကို တင်ဆောင်ခွင့်မရှိဘဲ အကန့်အသတ်ဖြင့်သာ တင်ခွင့်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဆိုင်သည်တွေမှာတော့ ငါးအိတ်၊ ဆယ်အိတ်ချကြတယ် အရင်က၊ အခုအဲလိုမျိုးမချစေရဘူး။ အိမ်မှာစားဖို့အတွက် တစ်အိတ်နှစ်အိတ်လောက်ပဲ တင်လို့ရပါတယ်။ ဘာလုပ်ဖို့ယူသွားတာလဲ၊ ဘာလုပ်မှာလဲဆိုပြီးတော့ သူတို့က စစ်တယ်"ဟုပြောသည်။

ထို့အပြင် ယနေ့ အောက်တိုဘာလ ၂၀ ရက်မှစ၍ ပေါက်တောမြို့နယ်မှ စက်လှေအားလုံးကိုလည်း စစ်တွေမြို့သို့ အဝင်အထွက်ကို ရက်အကန့်အသတ် မရှိ ပိတ်ထားလိုက်သည့်အတွက် ရေရှည်ပိတ်ထားပါက ရေလမ်းကြောင်းကို အားထားပြီး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများမှာလည်း စားဝတ်နေရေးထိခိုက်လာနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဒီနေ့ကစပြီး စစ်တွေကို အထွက်အဝင်မလုပ်ရဘူးလို့ပြောပါတယ်။ ဒီလိုဆိုတော့ ကျွန်းက လှေတွေနဲ့တံငါလုပ်စားနေကြတဲ့သူတွေမှာ အလုပ်မရတော့ ဘယ်လိုလုပ်စားကြမှာလဲ။ ဒီလိုမျိုးလမ်းကြောင်းတွေ ပိတ်လိုက်တော့လည်း ကုန်ဈေးနှုန်းတွေအားလုံးက ထိုးတက်လာတော့မယ်။ မရှိဆင်းရဲသားတွေမှာ ဘယ်လိုလုပ်စားကြရမလဲကို မသိတော့ဘူး" ဟုပြောသည်။

အဆိုပါ သဲခုံရွာအနီးတွင် စစ်ဇက်ရေယာဉ်က စစ်ဆေးမှုသည် ယခုရက်ပိုင်းအတွင်းမှသာ စတင်စစ်ဆေးနေခြင်းဖြစ်ပြီး ယခင်က ယခုကဲ့သို့ စစ်ဆေးမှု၊ အခကြေးငွေတောင်းခံမှုများ မရှိခဲ့ကြောင်း သိရသည်။

ရခိုင်တွင် ယမန်နေ့အောက်တိုဘာ ၁၉ ရက်မှစ၍ တောင်ကုတ်မှလွဲ၍ ရေယာဉ်လိုင်းအားလုံးကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း သိရသည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...