မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကားရာချီပိတ်မိနေ

မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကားရာချီပိတ်မိနေ
ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်၌ ယနေ့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့်ကားများ ပိတ်မိနေစဉ်။ ဓာတ်ပုံ - CJ
ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်၌ ယနေ့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့်ကားများ ပိတ်မိနေစဉ်။ ဓာတ်ပုံ - CJ

ကရင်ပြည်နယ် ‌မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်၌ ယမန်နေ့(အောက်တိုဘာလ ၁၈ ရက်) ည ၈ နာရီအချိန်မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့(အောက်တိုဘာလ ၁၉ ရက်)တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသဖြင့် ရာနှင့်ချီသောကားများ ပိတ်မိလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထိုင်း-မြန်မာ အဓိကလမ်းမကြီးပေါ်ရှိ မြဝတီမြို့နယ် တောနော်ရေတံခွန်အနီးတွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ(၆) KNLA ပူးပေါင်းအဖွဲ့ကြား ယနေ့(နေ့လည် ၁၁ နာရီ)ခန့်တွင် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။

“ကားတွေ သွားမရတော့ဘူး။ အကုန်ပိတ်မိနေတယ်။ တောနော်ရေတံခွန်မှာ တိုက်ပွဲဖြစ်နေတယ်။ ကျွန်တော်တို့ ဘားအံဘက်ကိုသွားမလို့ အခုလမ်းမှာ ပိတ်မိနေလို့ ထွက်မရဘူးဖြစ်နေတယ်”ဟု အဆိုပါမြို့ခံက ပြောသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိနေကြောင်း ၎င်းနေရာတွင်ပိတ်မိနေသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။



ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်၌ ယနေ့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့်ကားများ ပိတ်မိနေစဉ်။ ဓာတ်ပုံ - CJ

“အခုက နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေတုန်းပဲ ရှိနေသေးတယ်။ လက်နက်ကြီးနဲ့ ပစ်တာ။ သေနတ်ပစ်သံတွေလည်း ကြားနေရတယ်။ ရှေ့ကို ဆက်သွားလို့မရတော့ဘူး”ဟု ရန်ကုန်-မြဝတီ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ထိုသို့ ပစ်ခတ်မှုများဖြစ်ပွားနေသဖြင့် ခရီးသည် ယာဉ်လိုင်းများနှင့် လမ်းအသုံးပြုသူများအနေဖြင့် သတိဖြင့် သွားလာကြရန် KNLA ပူးပေါင်းအဖွဲ့မှ အသိပေးထားသည်။



ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်၌ ယနေ့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့်ကားများ ပိတ်မိနေစဉ်။ ဓာတ်ပုံ - CJ

“တိုက်ပွဲဖြစ်နေတာ အခုအထိ မငြိမ်သေးတဲ့အတွက် ကျည်ကွယ်၊ မျက်ကွယ် နေရာတွေမှာပဲ ပြည်သူတွေ ရှောင်ရှားပြီးနေကြဖို့ သတိပေးလိုပါတယ်။ သွားလာခွင့်ရပြီဆိုတာနဲ့ သတိလေးနဲ့ မောင်းနှင်ကြဖို့ ပြောလိုပါတယ်”ဟု KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမတွင် ပြီးခဲ့သည့် ဇန်နဝါရီလနှင့် မတ်လတို့တွင်လည်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။

July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...
July 25, 2026
ရခိုင်ပြည်အတွင်း ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း...
July 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး...
July 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိသော်လည်း...