လက်နက်ကြီးကျည်ကျပြီးကွယ်လွန်ခဲ့ရသည့် မင်းပြားမှ ကျောင်းဆရာမရဲ့ အသုဘ လူပေါင်းထောင်ချီလိုက်ပါပို့ဆောင်

လက်နက်ကြီးကျည်ကျပြီးကွယ်လွန်ခဲ့ရသည့် မင်းပြားမှ ကျောင်းဆရာမရဲ့ အသုဘ လူပေါင်းထောင်ချီလိုက်ပါပို့ဆောင်
ဆရာမရဲ့ ယနေ့ ပြုလုပ်သည့် အသုဘအခမ်းအနား
ဆရာမရဲ့ ယနေ့ ပြုလုပ်သည့် အသုဘအခမ်းအနား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ထောင့်ချောင်းကြီးကျေးရွာတွင် တာဝန် ထမ်းဆောင်နေစဥ် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီ လက်နက်ကြီးကျည်ကျ၍ ကွယ်လွန်သွားခဲ့သည့် ကျောင်းဆရာမ ဒေါ်မမြစော (၄၉) နှစ်၏ အသုဘကို ယနေ့ ပြုလုပ်ရာ ဒေသခံပြည်သူ ထောင်နှင့်ချီလိုက်ပါ ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။

ဆရာမ၏ အသုဘကို ယနေ့ အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁ နာရီခွဲတွင် မင်းပြားမြို့မ သုသာန်ပြုလုပ်ခဲ့ပြီး မီးသဂြိုလ်လိုက်ခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"မီးသဂြိုလ်ခဲ့တာပါ။ ပြီးတော့ အရိုးပြာကို ဂူသွင်းဖို့လုပ်နေကြပါတယ်။ ဆရာမရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူ ၄ ထောင်ကျော်ခန့် ရှိနိုင်ပါတယ်။ ပြည်သူတွေက ဒီဆရာမရဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်အပေါ် ကရုဏာသက်ပြီး အသုဘလိုက်ပို့ကြတာပါ” ဟု  သူကပြောဆိုသည်။

ဆရာမ ဒေါ်မမြစောသည် မင်းပြားမြို့ ပြည်တော်သာရပ်ကွက်တွင် မိသားစုနှင့် နေထိုင်သူဖြစ်ပြီး မင်းပြားမြို့နယ် ထောင့်ချောင်းကြီးကျေးရွာ မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြ ဆရာမဖြစ်သည်။

သူမသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက ကျောင်းတွင် တာဝန်ထမ်းဆောင်နေစဥ် ပြားမြို့အခြေစိုက် ခမရ ၅၄၁၊ ၃၇၉၊ ၃၈၀ တပ်ရင်းတို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းနေ့တစ်ရက်တည်းတွင် မင်းပြားရှိ စစ်ကောင်စီတပ်တို့က လက်နက်ကြီးကျည်များ ပစ်ခတ်ခဲ့၍ မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာမှ ညီအစ်မနှစ်ဦးဖြစ်သော မလှဆန်းယဥ် (၂၃ နှစ်)နှင့် မဆန်းနွယ်စိုး (၁၀ နှစ်)တို့လည်း လက်နက်ကြီးကျည်စထိမှန် သေဆုံးသွားခဲ့သည်။

ယင်းသို့ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ထက်မနည်း ရှိခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

ယင်းအပြင် ယင်းနေ့ညနေက ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့၍ ကျောက်တော်ပိုက်သည်ရပ် မူဆလင်ကျေးရွာမှ အသက် ၃၀ အရွယ် မူဆလင်အမျိုးသမီး ၁ ဦးသေဆုံးခဲ့သလို အောက်တိုဘာ ၁၈ ရက်ကလည်း  ဘူးသီးတောင်မြို့နယ် စိမ်းညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်းနက်ပြင် ကျေးရွာမှ အသက်(၄၂)နှစ်အရွယ် မူဆလင်ရွာသား တစ်ဦး သေဆုံးသွားခဲ့သည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...