ဖားဝပ်ချောင်းရွာလူနေအိမ်၂ လုံးကို စစ်တပ်ကမီးရှို့ပြီး ပြည်သူလူထုကို မဟုတ်မမှန်ဝါဒဖြန့်ခြင်းသည် မြန်မာစစ်တပ်၏ အောက်တန်းကျမှုနှင့် စစ်သားမပီသည့်လုပ်ရပ်ဖြစ်ကြောင်း အေအေပြောခွင့်ရသူဝေဖန်ပြောကြား

ဖားဝပ်ချောင်းရွာလူနေအိမ်၂ လုံးကို စစ်တပ်ကမီးရှို့ပြီး ပြည်သူလူထုကို မဟုတ်မမှန်ဝါဒဖြန့်ခြင်းသည် မြန်မာစစ်တပ်၏ အောက်တန်းကျမှုနှင့် စစ်သားမပီသည့်လုပ်ရပ်ဖြစ်ကြောင်း အေအေပြောခွင့်ရသူဝေဖန်ပြောကြား

ရခိုင်ပြည် အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ လူနေအိမ် ၂ လုံးကို စစ်ကောင်စီတပ်က မီးရှို့ပြီး အေအေက မီးရှို့သယောင်  ရုပ်သံရိုက်ပြီး ဝါဒဖြန့်ခြင်းမှာ မြန်မာစစ်တပ်၏  ယုတ်မာပက်စက်အောက်တန်းကျမှု၊ ကောက်ကျစ်မှုနှင့် တခြား တစ်ဖက်တွင်လည်း လုံးဝစစ်သားမပီသသည့်လုပ်ရပ်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ပြောကြားသည်။

"မြန်မာစစ်တပ်တွေ မနေ့က ဖားဝပ်ချောင်းရွာက အိမ်နှစ်ဆောင်ကို မီးရှို့တယ်ဆိုတာကို ရွာသားတွေအားလုံး မျက်မြင်သိတဲ့ ကိစ္စဖြစ်တယ်။ ဒါကို မြန်မာစစ်တပ်က သူတို့ကိုယ်တိုင်မီးရှို့ပြီး သူတို့က မီးငြိမ်းပြတဲ့ ရုပ်သံ ရိုက်ပြီးတော့ ပြည်သူလူထုကိုမဟုတ်မမှန်ဝါဒဖြန့်ဖို့ကြိုးစားတာက မြန်မာစစ်တပ်ရဲ့ လုံးဝယုတ်မာပတ်စက်အောက်တန်းကျပြီး ကောက်ကျစ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ပဲ မြင်ပါတယ်။ တခြားတစ်ဖက်မှာ မြန်မာစစ်တပ်ဟာ လုံးဝစစ်သားမပီသတဲ့လုပ်ရပ်ကို သူတို့ လုပ်နေတယ်လို့ ပြောလို့ရတယ်။ စစ်သားဆိုတာ ကိုယ်လုပ်တာကိုယ်တာဝန်ယူရဲ၊ တာဝန်ခံရဲတဲ့ သတ္တိရှိရတယ်။ အခု မြန်မာစစ်တပ်ဟာ သူတို့လုပ်ရပ်ကို သတ္တိရှိရှိတာဝန်မခံရဲဘဲ အောက်တန်းကျတဲ့ သူရဲဘောကြောင်တဲ့လုပ်ရပ်တွေကို လုပ်တာဟာ သူတို့ရဲ့ စစ်သားမပီသမှုကို ဖော်ပြနေတာလို့ ကျနော်ကတော့ ရှုမြင်တယ်” ဟု ဦးခိုင်သုခက ပြောဆိုသည်။

အောက်တိုဘာ ၁၃ ရက်နေ့ ညနေက မြန်မာစစ်ကောင်စီတပ်သားများ ဖားဝပ်ချောင်းရွာထဲ ဝင်လာပြီးနောက် အဆောင်နှစ်ခု မီးရှို့ခံခဲ့ရသည်။ ၎င်းအဆောင်နှစ်ခု မီးလောင်နေစဉ် စစ်သားအချို့က ရေပုံးများကို ဆွဲပြီး မီးသတ်နေသည့်ပုံများပါသည့် ရုပ်သံဖိုင်တစ်ခုကို ရခိုင်ပြည်နယ်အစိုးရမှ ဦးဆောင်ထုတ်လွင့်နေသည့် ရခိုင်နေ့စဉ်မှ ဖော်ပြခဲ့သည်။

၎င်းရုပ်သံဖိုင်နှင့် အတူ “ ဒီနေ့ ဖားဝပ်ချောင်းရွာမှာ AA က ရွာထဲကနေ စစ်တပ်ကို တိုက်တယ်။ အဓိကပြောရရင် ရွာကို အကာအကွယ်ယူပြီး တိုက်တာ။ နောက်ဆုံး မနိုင်တဲ့အဆုံး ရွာကို စစ်တပ်က မီးရိူ့ပါတယ်ဆိုပြီး AA က မီးရိူ့သွားတယ်။ စစ်တပ်ကလည်း ခံရပါများတော့ video ၊ ဓာတ်ပုံ မှတ်တမ်းတွေကအစ အကုန်ယူထားတယ်”  ဟု စာသားနှင့် ရုပ်သံဖိုင်ကို ရခိုင်နေ့စဉ်က တင်ခဲ့သည်။

ယခုကဲ့သို့ ထုတ်လွှင့်မှု အပေါ်  မြန်မာစစ်ကောင်စီ၏ နိဂုံးချုပ်ရန် လမ်းစ ဖြစ်သည်ဟုလည်း ဦးခိုင်သုခက ပြောဆိုသည်။

“ တခြားတစ်ဖက်မှာ ပြည်သူလူထုကို မျက်နှာပြောင်တိုက်ပြီး အောက်တန်း ကျပြီး မဟုတ်မမှန် ဝါဒဖြန့်တာတွေကို လုပ်နေတာဟာ သူတို့ရဲ့ နိဂုံးချုပ်ဖို့ လမ်းစဖြစ်သလို ပြည်သူလူထုက သူတို့အပေါ် အခုထက်ပိုပြီး ဒဏ်ခတ်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်ကတော့ မြင်တယ်"ဟု ဦးခိုင်သုခက တုံ့ပြန်ပြောဆိုသည်။

၎င်းပြင် ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက မြန်မာစစ်တပ်၏ ဗိုလ်သင်တန်းကျောင်းတွင် ကလိမ်ကကျစ်အောက်တန်းကျသည့် ဘာသာရပ်တစ်ခုပါနေသလားဟု  မေးခွန်းထုတ်သည်။

"ရှေ့တန်းရောက်နေတဲ့ မြန်မာစစ်ဗိုလ်တွေရဲ့အခုလို ကလိမ်ကကျစ် အောက်တန်းကျ သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်ရဲ့ ဗိုလ်သင်တန်းကျောင်းမှာ ဒီလိုကလိမ်ကကျစ် အောက်တန်းကျတဲ့ ဘာသာရပ်တစ်ခုလည်း အပိုပါလားဆိုပြီး ကျနော်တို့ကတော့ အံ့သြမိပါတယ်" ဟု ပြောသည်။

ယခုကိစ္စများနှင့် ပတ်သက်၍ ဖားဝပ်ချောင်းကျေးရွာမှ ဒေသခံတစ်ဦးကို ယနေ့ နေ့လယ်ပိုင်းတွင် နိရဉ္စရာက ဆက်သွယ်မေးမြန်းရာတွင် "လောလောဆယ်တော့ အေးဆေးပါပဲ။ မနေ့ကတော့ ရွာသားတွေကို ဘုန်းကြီးကျောင်းကိုသွားခိုင်းတယ်။ ရွာထဲမှာက ဘယ်သူမှမရှိတော့တာ သူတို့ပဲကျန်ခဲ့တယ်။ မကြာဘူး မီးခိုးတွေထွက်လာပါပြီ။ ဘယ်သူတိုက်လဲမမြင်ရပေမယ့် အခြေအနေက အသိသာကြီးဖြစ်ပါတယ်။ သူတို့လုပ်ပြတဲ့ ပုံပြင်က မဖြစ်နိုင်တဲ့သတင်းတွေပါ"ဟု ပြောသည်။

တစ်ခြား ရခိုင်စစ်ပွဲများကို သုံးသပ်တစ်ဦးကလည်း ၎င်းရုပ်သံဖိုင်ကိုကြည့်ပြီး စစ်တပ်က မီးရှို့ပြီး အေအေကို ချောက်တွန်းရန် အစီအစဉ်ရှိ ရိုက်ကူးခြင်းသာဖြစ်ပြီး မီးလောင်နေချိန်တွင် ရေများကို ရေပုံးများတွင် အသင့်ဖြည့်၍  အဆင်သင့်ရှိနေခြင်းကိုယ်တိုင်ကတမင်အကွက်ချ ရိုက်ကူးထားသည်မှာ ပေါ်လွင်နေသည်ဟု သုံးသပ်ပြောဆိုသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...