ရခိုင်တွင် စစ်ကောင်စီက စစ်ကားအစီး ၅၀ကျော်ဖြင့် စစ်လက်နက်ပစ္စည်းများ ထပ်မံဖြည့်တင်း

ရခိုင်တွင် စစ်ကောင်စီက စစ်ကားအစီး ၅၀ကျော်ဖြင့် စစ်လက်နက်ပစ္စည်းများ ထပ်မံဖြည့်တင်း
ဓာတ်ပုံ- ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့က အမ်းမြို့ကို ရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကားများကိုတွေ့ရစဉ်
ဓာတ်ပုံ- ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့က အမ်းမြို့ကို ရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကားများကိုတွေ့ရစဉ်

စစ်ကောင်စီသည် ရခိုင်တွင် စစ်လက်နက်အင်အားများကို ထပ်မံဖြည့်တင်းနေပြီး ယမန်နေ့က စစ်ကားကြီးအစီး (၅၀) ကျော်ဖြင့် စစ်လက်နက်ပစ္စည်းများကို စကစ အနောက်ပိုင်းတိုင်း စစ်ဌာချုပ်တည်ရှိရာ အမ်းသို့ထပ်မံပို့ဆောင်ခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ် ၃ နာရီခန့်တွင် ပြည်မဘက်မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ရှိ ထောက်ပို့တပ်သို့  စစ်ကားကြီး (၅၃) စီးဖြင့် စစ်လက်နက် ပစ္စည်းများ ရောက်ရှိလာကြောင်း ၎င်းကပြောသည်။

"၃ နာရီကျော်မှာ ထောက်ပို့တပ်ကို မိုးကာဖုံးစစ်ကားကြီး (၅၃) စီး ဝင်ပါတယ်။ ပြည်မဘက်က စစ်လက်နက်တွေတင်လာတာပါ။ (၅၃) စီးဆိုတဲ့ ပမာဏကပေါ့သေးသေးတော့မဟုတ်ဘူး။ ကြည့်ရတာ သူတို့ရှိသမျှအင်အားနဲ့ ရခိုင်ဘက်ကို ပိုဖိမယ့် သဘောရှိပါတယ် " ပြောသည်။

စစ်ကောင်စီအနေနှင့် ယခုကဲ့သို့ ရခိုင်ကို စစ်လက်နက်အင်အားအလုံးအရင်းတိုးချနေခြင်းမှာ လက်ရှိဖြစ်ပွားနေသည့် ရခိုင်စစ်ပွဲကို အရှိန်မြှင့်ကာ အစွမ်းကုန်တိုက်ခိုက်လာမည့် အနေအထားကို တွေ့မြင်နေရသည်ဟု နောက်ထပ် အမ်းမြို့မှ ဒေသခံတစ်ဦးက  ဆိုသည်။

"ကျနော်သိသလောက်က ၁၂ ရက်နေ့ကတည်းက ပြည်မဘက်ကနေ ထောက်ပို့လာတာပါ။ အမ်းထောက်ပို့တပ်ကို မနေ့က ၃ နာရီ ၂၀ မိနစ်လောက်က (၅၃) စီးလုံးဝင်ပါတယ်။ အဲ့ဒီ (၅၃) စီးလုံးအမိုးတွေအုပ်ထားပါတယ်။ လက်နက်ခဲယမ်းတွေဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်"ဟု ပြောသည်။

တိုက်ပွဲပိုမိုပြင်းထန်လာသည်နှင့်အမျှ မြန်မာစစ်တပ်က လူထုကို ပိုမို ဦးတည်တိုက်ခိုက်လာမည်ကို စိုးရိမ်မူများရှိကြောင်း ၎င်းက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲများပြင်းထန်လာပြီးနောက် စစ်ကောင်စီက တပ်စခန်းအချို့ကို လက်လွှတ်ခဲ့ရပြီး ကျန်ရှိသည့်တပ်စခန်းများလည်း အတိုက်မခံရရန်လည်း  အေအေဝင်လာနိုင်သည့် လမ်းကြောင်းများ၊ အေအေရှိနိုင်သည့် တောတောင်များကို  နေ့စဉ် လက်နက်ကြီးများဖြင့် ခန့်မှန်းပစ်ခတ်နေသည်ဟုလည်း သိရသည်။

ထိုသို့ ပစ်ခတ်စဉ် ကျေးရွာများထဲကို လက်နက်ကြီးကျည်များကျကာ အရပ်သား သေဆုံးမှု၊ ဒဏ်ရာရရှိမှုများလည်း ရှိနေကြောင်း သိရသည်။

၎င်းပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလည်း စစ်လေယာဉ်များဖြင့် စစ်တပ်စခန်းအနီးဝန်းကျင်နှင့် လူနေကျေးရွာများ အနီးဝန်းကျင်ကိုပါ ပစ်ခတ်မှုများ မပြတ်ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...